မြန်မာစကားမှာ အမှိုက်က ရွှေဖြစ်ဆိုတာ ရှိပါတယ်ဗျ။
အသုံးမကျလို့ စွန့်ပစ်ထားတဲ့ အမှိုက်တွေကနေ အကျိုးစီးပွားတစ်ခုခုဖြစ်ထွန်းလာတာမျိုးကို ဆိုလိုတာပေါ့ဗျာ။
သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးတက္ကသိုလ် ပါမောက္ခ Veena Sahajwalla ကတော့ တကယ့်ကို အမှိုက်ကနေ ရွှေဖြစ်တဲ့ လုပ်ငန်းတစ်ခုကို တွေ့ရှိအကောင်အထည်ဖော်နေပြီလို့ သိရတယ်ဗျ။
ပါမောက္ခ Sahajwalla က သူမရဲ့လုပ်ငန်းကို မြို့ပြမိုင်းတွင်း (Unban Mine) လို့ နာမည်ပေးထားပြီး အဲဒီမိုင်းတွင်းကနေ ရွှေ၊ ငွေ၊ ကြေးနီ စတဲ့ အဖိုးတန်သတ္တုတွေကို တူးဖော်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူမရဲ့ မိုင်းတွင်းလုပ်ငန်းအတွက် ပေါက်တူး တစ်ချောင်းတောင် မလိုအပ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ မစ္စ Sahajwalla ဟာ မြေကြီးကို တူးဖော်ပြီး ရွှေ၊ ငွေ၊ ရှာဖွေတာမျိုးမဟုတ်ဘဲ စွန့်ပစ်ခံထားရတဲ့ TV တွေ၊
စမတ်ဖုန်းတွေနဲ့ တခြားအီလက်ထရောနစ် ပစ္စည်းအဟောင်း အပျက်တွေ ကနေ ထုတ်လုပ်ရယူနေတာကြောင့်ပါပဲ။
ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း အီလက်ထရောနစ်ပစ္စည်းအဟောင်း အပျက်တွေကို အလေးချိန်တန်သန်းပေါင်းများစွာ စွန့်ပစ်နေကြပါတယ်။
ဒီပစ္စည်းအစုအဝေးကြီးမှာ အဖိုးတန်တဲ့ သတ္တုတွေလည်း အမြောက်အများ ပါဝင်နေတယ်ဆိုပဲဗျ။
ဒါကြောင့် e-Waste Mining လို့ခေါ်တဲ့ အီလက်ထရောနစ် အမှိုက်တွေကနေ အဖိုးတန် သတ္တုတွေ စစ်ထုတ်ရယူတဲ့ လုပ်ငန်း ဟာ
မကြာခင် အနာဂတ်မှာ တွက်ချေကိုက်တဲ့ နည်းပညာ စီးပွားရေး လုပ်ငန်းတစ်ရပ်ဖြစ်လာနိုင်တာကို တွေ့ရပါတယ်။
ဆစ်ဒနီမြို့ အခြေစိုက်ပါမောက္ခ Sahajwalla ကတော့ လာမယ့်နှစ်အနည်းငယ် အတွင်း ဒီအလုပ်ကနေ အကျိုးအမြတ်ကောင်းကောင်းရလာမယ်လို့ ခန့်မှန်းထားပါတယ်။
သူမက " စက်ရုံအသေးစားလေးတစ်ခုအတွက် သြစတေးလျဒေါ်လာ ၅ သိန်းလောက်ရင်းနှီးရမယ့် ဒီစီးပွားရေးမော်ဒယ်ဟာ ၂နှစ်၊ ၃နှစ် အတွင်းမှာ အရင်းကျေနိုင်ပါတယ်။
ပြီးတော့ အမြတ်ထွက်နိုင်တဲ့ အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေးနိုင်ပါလိမ့်မယ်။
ဒီစီးပွားရေးလုပ်ငန်းဟာ ပတ်ဝန်းကျင်၊ လူမှုအသိုင်အဝိုင်းတွေ အတွက်လည်း ကောင်းကျိုးတွေရှိနေပါတယ်"လို့ ဆိုပါတယ်။
သုတေသနမှတ်တမ်းတွေအရတော့ အီလက်တရောနစ်ပစ္စည်းအပျက်တွေကနေ ရွှေ၊ ငွေ သတ္တုရှာဖွေခြင်းဟာ ပုံမှန်သမာရိုးကျ သတ္တုတွင်းလုပ်ငန်းတွေထက်တောင် ပိုပြီးတွက်ချေကိုက်နိုင်တယ်လို့ သိရပါတယ်။
ဒီအချက်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံနဲ့ နည်းပညာ ဂျာနယ်က စစ်တမ်းပြုလုပ်ဖော်ပြခဲ့ရာမှာ ကတ်သုတ်ရောင်ခြည်ပြွန် အသုံးပြုတဲ့ TV တစ်လုံးမှာ ကြေးနီ ၄၅၀ ဂရမ် နဲ့ ရွှေ ၅.၆ ဂရမ်ပါဝင်နေကြောင်း သိရပါတယ်။
သာမာန်ရွှေမိုင်းတွင်း တစ်တွင်းမှာ ရွှေ ၅ဂရမ် (သို့မဟုတ်) ၆ ဂရမ်ရဖို့ အတွက် ကုန်ကြမ်းမြေကြီး တစ်တန်အထိ တူးဖော်ရပါတယ်။
အီလက်ထရောနစ် ပစ္စည်းအဟောင်းတွေကနေ ထုတ်ယူနိုင်မယ်ဆိုရင်တော့ ပစ္စည်းအလေးချိန်တစ်တန်မှာ ရွှေ ၁၅၀ ဂရမ်အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။
ဒီအချိုးအစားတွက်ချက်မှုဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က Tsinghua တက္ကသိုလ်နဲ့ ဆစ်ဒနီမြို့က Macquaire တက္ကသိုလ်က သိပ္ပံ ပညာရှင်တွေ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သုတေသနတစ်ရပ်ကနေ ပေါ်ထွက်လာခဲ့ တာပဲဖြစ်ပါတယ်။
အဆိုပါသုတေသနဟာ Recycle လုပ်တဲ့ တရုတ် ကုမ္ပဏီ ၈ ခုရဲ့ အချက်အလက်တွေကို အခြေခံခဲ့ပြီး အဓိကအားဖြင့် ကုန်ကျစရိတ်ငွေတွေကို နှိုင်းယှဉ်ခဲ့တာပါ။
e-Waste တွေရှာဖွေစုဆောင်းမယ့်စရိတ်၊ အလုပ်သမားခ၊ စွမ်းအင်ကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်စရိတ် တွေနဲ့ သတ္တုထုတ်ယူမယ့်စက်ရုံ၊ နည်းပညာပစ္စည်းတွေရဲ့ ကုန်ကျစရိတ်တွေကို စုပေါင်းတွက်ချက်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အီလက်ထရောနစ် အမှိုက်ကနေ ရွှေ၊ ငွေ ထုတ်ယူခြင်း ဟာ သာမာန်သတ္တုတွင်းကနေ ထုတ်ယူခြင်းထက် ကုန်ကျစရိတ် ၁၃ ဆအထိ ပိုမို သက်သာနေတာကို တွေ့ခဲ့ရပါတော့တယ်။
ဒါကြောင့်လည်း Macquaire တက္ကသိုလ်က ပါမောက္ခ John Mathews က "အီလက်ထရောနစ် အမှိုက်တွေကို တူးဖော်ပြီး ရွှေ ဒါမှမဟုတ်
ကြေးနီထုတ်ယူခြင်းက သိပ်ကို အကျိုးအမြတ် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်လာပါလိမ့်မယ်" လို့ အခိုင်အမာဆိုခဲ့တာပါ။
ဒီစီးပွားရေးကို ဆောင်ရွက်ဖို့ ကုန်ကြမ်းနဲ့ ရင်းနှီမြှုပ်နှံရမယ့် ငွေကြေး အနေအထားကို လည်း ကြိုတင်တွက်ချက်ရပါမယ်။
ကုလသမဂ္ဂအေဂျင်စီ တစ်ခုဖြစ်တဲ့ International Telecommunication Union ကတော့ 2016 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးက စွန့်ပစ်ခဲ့ တဲ့ အီလက်ထရောနစ် အမှိုက်ပမာဏ က
တန်ချိန်ပေါင်း ၄၅ သန်းအထိရှိပြီး 2021 ခုနှစ်မှာ တန်ချိန် သန်းပေါင်း ၅၀ အထိရှိလာနိုင်ကြောင်း ခန့်မှန်းဖော်ပြခဲ့ပါတယ်။
စမတ်ဖုန်း အပျက်တွေဆိုရင်လည်း 2016 ခုနှစ်တစ်နှစ်တည်းမှာတင် တန်ပေါင်း ၄၃၅,၀၀၀ အထိ ရှိခဲ့ ပြီး အဲ့ဒီဖုန်းတွေထဲမှာ ယူရိုငွေ ၉.၄ ဘီလီယံဖိုးရှိတဲ့ သတ္တုကုန်ကြမ်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။
သတ္တုတူးဖော်ထုတ်ယူပုံကတော့ သမာရိုးကျမိုင်းတွင်းတွေနဲ့ လုံးဝကို ကွာခြားသွားပါလိမ့်မယ်။
သာမာန် မိုင်းတွင်းတွေဟာ အလုပ်သမားအင်အားကို အဓိကထားတတ်ကြပြီး အီလက်ထရောနစ်မိုင်းတွင်းကတော့ နည်းပညာပိုင်းကို အဓိက အသုံးပြုရမှာဖြစ်ပါတယ်။
လက်တွေ့လုပ်ကိုင်နေတဲ့ ပါမောက္ခ Sahajwalla ကတော့ သူမရဲ့စက်ရုံအသေးစားလေးတွေမှာ e-Waste တွေရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းကို ခွဲခြားရွေးထုတ်ဖို့ ရိုဘော့ စက်ရုပ်တွေကို အသုံးပြုနေပါတယ်။
"စွန့်ပစ်ထားတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ဖြိုခွဲဖို့က ပထမအဆင့်ပါ။ နောက်တစ်ဆင့်ကတော့ အသုံးဝင်တဲ့ အပိုင်းတွေကို ရွေးချယ်ဖို့ အထူးရိုဘော့တွေ ပါဝင်လာပါပြီ။
အဲဒီနောက်မှာတော့ အသုံးဝင်တဲ့ အပိုင်းတွေကနေ တန်ဖိုးရှိတဲ့ သတ္တုတွေထွက်လာဖို့ အပူပေးတဲ့ အပိုင်းပါပဲ" လို့ ဆိုခဲ့ပါတယ်။
ဒါကြောင့် အီလက်ထရောနစ် အမှိုက်ကနေ ရွှေဖြစ်စေမယ့် စီးပွားရေးဟာ အကျိုးအမြတ်ကြီးမားသလောက် နည်းပညာပိုင်းနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု အတိုင်းအတာ တစ်ခုအထိ လိုအပ်မယ်ဆိုတာလည်း သေချာနေပါတယ်ဗျ နော်...။
Recommended for you-ယုံကြည်မှုပြင်းထန်လွန်းတဲ့ Henry Ford
Ref: E-waste mining could be big business-and good for the planet
Source; Mobile Guide Journal