မြန်မာ့စီးပွားရေးလုပ်ငန်းတွေမှာ အိုင်တီနည်းပညာနဲ့ ဝန်ဆောင်မှုပေးခြင်းဟာ လိုအပ်ချက်တစ်ခုအဖြစ် ရှိလာနေခဲ့ပါပြီ။
အီလက်ထရွန်းနစ် ကုန်သွယ်မှု ( E Commerce )နဲ့ ပတ်သက်ပြီး ရဲဝံ့စွာစွန့်ဦးလုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတွေအကြား Yangon Door to Door အစားအသောက် ပို့ဆောင်ရေးလုပ်ငန်း၊ MM-Busticks အွန်လိုင်းကားလက်မှတ်အရောင်းလုပ်ငန်း၊ Get ride တက္ကစီအငှားခေါ်ယူခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ Flymya အွန်လိုင်းဟိုတယ်နဲ့ ခရီးသွားဝန်ဆောင်မှုနဲ့ အွန်လိုင်းလေယာဉ်လက်မှတ် ရောင်းဝယ်မှုလုပ်ငန်းတွေဟာ လူသိများတဲ့လုပ်ငန်းတွေပါ။
ဒီလိုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူလည်းဖြစ်၊ ကိုယ်တိုင်ကလည်း တည်ထောင်သူတစ်ဦးဖြစ်တဲ့ အသက် ၃၃ နှစ်သာ ရှိသေးတဲ့ လူငယ်လုပ်ငန်းရှင် ဦးသန်းထွန်းဝင်း (ခေါ် ) Mike ကို မြန်မာတိုင်း(မ်) အကြီးတန်း သတင်းထောက် ထင်လင်းအောင်က တွေ့ဆုံ မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အိုင်တီနည်းပညာနဲ့စပ်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ဘယ်လိုစိတ်ကူးတွေရခဲ့တာလဲ။
ကျွန်တော် စင်ကာပူမှာ ၁၈ နှစ်လောက်နေပြီး Business of IT နဲ့ကျောင်းပြီးခဲ့တယ်။ ၂၀၁၁ မှာ မြန်မာနိုင်ငံကိုပြန်လာခဲ့တယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာက တယ်လီနော၊ အူရီဒူး ဆိုတာတွေက မလာသေးတဲ့အတွက် အိုင်တီစီးပွားရေးကို ချက်ချင်းလုပ်လို့မရသေးဘူး။ ကျွန်တော့်ရဲ့စင်ကာပူမှာရခဲ့တဲ့ အိုင်တီနဲ့ပတ်သက်တဲ့အတွေ့အကြုံက အသုံးမဝင်လို့မလုပ်ဖြစ်ခဲ့ဘူး။ ၂၀၁၄ လောက်မှာတော့ အူရီဒူး၊ တယ်လီနောတို့ဝင်လာပြီး ဆင်းမ်ကတ်တွေ ကျပ် ၁၅၀ဝ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်အိုင်တီကုမ္ပဏီတစ်ခုကို မြန်မာပြည်မှာစထောင်သင့်ပြီဆိုပြီး ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ စခဲ့တယ်။
အိုင်တီကုမ္ပဏီကို စတောင်တဲ့အခါမှာ စဉ်းစားစရာတွေပေါ်လာတယ် ဘာလုပ်မလဲပေါ့။ အင်တာနက်ကလည်း စကောင်းလာပြီဆိုတော့ Online Travel ဝန်ဆောင်မှုကို လုပ်မယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ်။ နောက်တစ်ချက်က ခရီးသွားဝန်ဆောင်မှုဆိုတာက အခြားသော အွန်လိုင်းဈေးအရောင်းအဝယ်လို ပစ္စည်းပို့ပေးစရာမလိုဘဲ လက်မှတ်ကို Messenger ဖြစ်ဖြစ်၊ Viber နဲ့ဖြစ်ဖြစ် အွန်လိုင်းကပဲ ပို့လိုက်လို့ရတဲ့ လွယ်ကူတဲ့ အားသာချက်ရှိတော့ ဒါကိုစဖြစ်ခဲ့တာပါ။
အွန်လိုင်းလက်မှတ်အရောင်းလုပ်ငန်းတွေအကြား Flymya ဟာ ဈေးကွက်ဝေစု ဘယ်လောက်အထိ ရယူထားနိုင်ပြီလဲ။
အွန်လိုင်းခရီးသွားဝန်ဆောင်မှုကို ၂၀၁၅ ကတည်းက စခဲ့ပေမဲ့ Flymya ဆိုတဲ့ သီးခြား အရောင်းဝက်ဘ်ဆိုက် တစ်ခုကိုတော့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ဝန်ထမ်း ၁၂ ယောက်နဲ့ စပြီးထောင်ခဲ့ တာပါ။ စတဲ့အချိန်မှာတော့ နိုင်ငံခြားသား ဝန်ဆောင်မှုရယူသူ (Foreign Customer) တွေပဲများတယ်။ ၂၀၁၇ လောက်ရောက်တဲ့အခါမှာ ပြည်တွင်းနဲ့ နိုင်ငံခြားသား တစ်ဝက်လောက်စီ ဖြစ်လာတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းလောက် ရောက်လာတဲ့အခါ မှာတော့ ဈေးကွက်တိုးတက်မှု( Market Growth )က အရမ်းသိသိသာသာ တိုးတက်လာတယ်။ ပြည်တွင်းဝန်ဆောင်မှုရယူသူက သိသိသာသာများလာပြီး ၉၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်လာတယ်။ အခုတော့ ပြည်တွင်းလေကြောင်း ခရီးစဉ်အားလုံးရဲ့ ၁၀ ခိုင်နှုန်း လောက်ကို ဝန်ဆောင်မှုပေးလာနိုင်တဲ့ အခြေအနေဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတော်တော်များများဟာ အစပိုင်းမှာ ငွေကြေးအရင်းအနှီးအပါအဝင် အခက်အခဲတော်တော်များများ ရင်ဆိုင်ကြရလေ့ရှိတယ်။ Flymya အနေနဲ့ရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။
ကျွန်တော်က ၂၀၁၁ လောက်မှာ ဒီမှာအင်တာနက်က မကောင်းတော့ ကားနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တင်သွင်းရောင်းတာကို လုပ်လိုက်တယ်။ ခေတ်ကောင်းတစ်ခုကို မီလိုက်တဲ့အတွက် ကားပစ္စည်းတွေက အလွန်ရောင်းကောင်းခဲ့တယ်။ အမြတ်ကောင်းကောင်း ရလိုက်ပြီး အရင်းအနှီးကောင်းကောင်းနဲ့ စီးပွားရေးလုပ်ဖို့ ဝင်ငွေတစ်ခုကို ရသွားတယ်။ အဲဒီလုပ်ငန်းက ကျွန်တော့်အတွက် အရင်းအနှီးကောင်းကောင်း ရစေခဲ့တဲ့ လုပ်ငန်းဖြစ်ခဲ့တာပေါ့။ ဆိုတော့ အရင်းအနှီးက ကျွန်တော့်အတွက် အခက်အခဲမရှိခဲ့ဘူးလို့ ဆိုရမယ်။
တကယ် ရင်ဆိုင်ရတဲ့အခက်ခဲဆုံးကတော့ People culture (လူတွေရဲ့ ယဉ်ကျေးမှုဓလေ့) လို့ပြောရမယ်။ အိုင်တီစီးပွားရေးရဲ့ အဓိကပလက်ဖောင်းက လူသားအရင်းအမြစ်ရဲ့ ဥဏအပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတာဖြစ်တယ်။ လုပ်ငန်းကြီးတာ၊ အရင်းအနှီးများတာနဲ့မဆိုင်ဘူး။ လုပ်ငန်းတစ်ခုစဖို့အတွက်မှာ အချိန်အနည်းငယ်အတွင်း လူတော်တွေကိုစုဆောင်းနိုင်ဖို့ အရမ်းအရေးကြီးတယ်။ ခက်တာက စတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အိုင်တီနဲ့ ပတ်သက်တဲ့ကျောင်းတွေက နိုင်ငံခြားမှာလို စနစ်တကျမရှိဘူး။ အဲဒီတော့ ဒီမှာလူရှာရတာ အလွန်ခက်တယ်။ နိုင်ငံခြားနည်းတူလစာ ပေးရင်တောင် ဒီမှာကအိုင်တီနယ်ပယ် ကျွမ်းကျင်ဝန်ထမ်းရဖို့က အလွန်ခက်တယ်။ ဒါကတော့ တကယ်ခက်ခဲခဲ့တယ်။
မြန်မာနိုင်ငံရဲ့ ဘဏ်၊ လေကြောင်းလိုင်း၊ ကားလိုင်း၊ ဟိုတယ်လုပ်ငန်းတွေဟာ အရင်က မိရိုးဖလာပုံစံနဲ့ သွားနေကြတယ်။ အိုင်တီနည်းပညာ လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းဖို့အတွက် ချိတ်ဆက်တဲ့ အခါမှာ အခက်အခဲမရှိခဲ့ဘူးလား။
၂၀၁၆•၁၇ လောက်မှာတုန်းကဆိုရင် အစိုးရပိုင်း၊ စီးပွားရေးမိတ်ဖက်၊ ဘဏ်တွေဖြစ်ဖြစ်၊ စားသောက်ဆိုင်၊ လေကြောင်းလိုင်းစတဲ့ အားလုံးက အိုင်တီကိုနားမလည်ကြဘူး။ အိုင်တီဆို လူမှုစာမျက်နှာတွေကိုပဲ အဓိကသိကြတာ များတယ်။ အွန်လိုင်းကုန်စည် ကူးသန်းရောင်းဝယ်မှုတစ်ခု ဖြစ်ဖို့ဆိုတာက ဒါတွေအားလုံးက စုစည်းပြီးမှ လုပ်မှရမှာကိုး။ ဘဏ်တွေက ၂၀၁၆• ၁၇ လောက်မှာ အင်တာနက် ကုမ္ပဏီတွေအတွက် အချိန်မပေးနိုင်ဘူး။ သူတို့က မိရိုးဖလာ ပုံစံအတိုင်းပဲ သွားနေတဲ့ အနေအထားဖြစ်နေတယ်။ အဲဒီကာလတွေတုန်းကဆို ဘဏ်ကလူ တွေနဲ့တွေ့ပြီး ဆွေးနွေးဖို့တောင် ချိန်းဆိုတာကို တော်တော်လေးကြိုးစားခဲ့ရတဲ့အပိုင်းတွေမှာရှိတယ်။ KBZ Pay? Wave Money Pay? CB Pay တွေဟာလည်း အခုနောက်ပိုင်းမှ ကောင်းကောင်းလေး ကြေညာလာတာ ဖြစ်တယ်။
နောက်တစ်ခုက မြန်မာပြည်ရဲ့ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများက အသက် ၄၀ ကျော်တွေများတာကိုး။ ကျွန်တော်က အသက်ငယ်တဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်။ ဘဏ်တွေနဲ့ သွားတွေတဲ့အခါ ငွေပေးချေမှု ကိစ္စတွေဆိုရင်လည်း အိုင်တီနဲ့ပတ်သက်ပြီး မင်းကလုပ်တတ်လို့လား စသဖြင့်ပေါ့။ အစပိုင်းမှာတော့ အခက်အခဲတွေအများကြီးတော့ ရင်ဆိုင်ခဲ့ရတယ်။ လူတွေကလည်း အိုင်တီပိုင်းကို မယုံကြည်တဲ့အတွက်ပေါ့။
Read More>>>ကမ္ဘာကျော် PepsiCo ကုမ္ပဏီကြီးရဲ့ စီအီးအို Indra Nooyi
ဦးသန်းထွန်းဝင်းအနေနဲ့ Flymya အပြင် အခြားသော နည်းပညာနဲ့ဆက်စပ်စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်တာတွေ့ရတယ်။ ဘာကြောင့်ပါလဲ။
အိုင်တီကုမ္ပဏီတွေဟာ အစပိုင်းမှာ အရမ်းခက်တယ်။ ဝက်ဘ်ဆိုက်ကို မစခင်မှာတင် ပိုက်ဆံအများကြီး ထည့်ရတယ်။ မြေဝယ်တာဆိုလည်း မြေဈေးကျပေမဲ့ မြေကျန်သေးတယ်။ ပဲလှောင်ရင်လည်း ပဲဈေးကျပေမဲ့ ပဲကကျန်နေသေးတယ်။ အိုင်တီကျတော့ မအောင်မြင်ရင် ဘာမှကိုလက်ဆုပ်လက်ကိုင်ပြ စရာမရှိတော့ဘူး။ အိုင်တီလုပ်ငန်းနယ်ပယ်က ငွေကြေးရော၊ အချိန်ရော အများကြီးလိုတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော့်လိုပဲ အတွေးတူပြီး အိုင်တီနဲ့ စီးပွားရေး စချင်တဲ့သူတော်တော်များများကို တွေ့ရတယ်။ တချို့က အွန်လိုင်းဈေးဝယ်စင်တာ၊ တချို့က ဘတ်စ်ကား၊ တချို့က food delivery (အစားအသောက်ပို့ဆောင်ခြင်း)၊ တချို့ကတော့ပညာရေးကဏ္ဍပေါ့ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူး။
အခု ၂၀၁၉ မှာဆိုရင် နိုင်ငံခြားကုမ္ပဏီတော်တော်များများက ပြည်တွင်းအိုင်တီကုမ္ပဏီအသေးလေးတွေမှာရင်းနှီးမြှုပ်နှံမှု ထည့်လာကြပြီ။ ၂၀၁၆•၁၇ လောက်တုန်းက ရင်းနှီးမြှုပ်နှံပေးမယ့်သူက လုံးဝမရှိကြဘူး လို့တောင် ပြောလို့ရတယ်။ ကျွန်တော်က အိုင်တီကုမ္ပဏီ အသေးတွေဆီမှာ ရင်းနှီးမြှုပ်နှံမှုလိုက်ထည့်လိုက်ရင် ကောင်းမလားဆိုပြီး စဉ်းစားမိတယ်။ သူတို့အကျိုးရှိသလို၊ အောင်မြင်ရင် ကျွန်တော်လည်း မြတ်မယ်ဆိုတဲ့ အတွေးပေါ့။ အဲဒီလိုနဲ့ Yangon Door to Door? MM Bus Ticket အပါအဝင် ကုမ္ပဏီတော်တော်များများမှာ ရင်းနှီးမြှုပ်နှံမှု လိုက်ထည့်တယ်။ အဲလိုနဲ့ ပူးပေါင်းဖြစ်သွားတာပါ။
မြန်မာနိုင်ငံက နည်းပညာဆိုင်ရာ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေ ဒီထက်ပိုပြီးတိုးတက် ဖွံ့ဖြိုးလာဖို့ ဘယ်အချက်တွေကို ပြင်ဖို့လိုလဲလို့ထင်လဲ။
ဆန်းသစ်တီထွင်ကြတဲ့လုပ်ငန်းတွေရဲ့ တည်ထောင်သူတော်တော်များများဟာ အခက်အခဲတွေ အများကြီးရှိကြတယ်။ တချို့က အရင်းအနှီးမလုံလောက်ဘူး၊ တချို့က ထောက်ပံ့မှုပေးမယ့် လူသား အရင်းအနှီးမရှိဘူး (ကျွမ်းကျင်အကြံပေး၊ အတတ်ပညာသင်ကျောင်း)။ အတုယူ ရမယ်ဆိုရင် မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ နိုင်ငံတော် အစိုးရက အိုင်တီကုမ္ပဏီတွေအတွက်၊ အိုင်တီလူငယ်တွေအတွက် ဆိုပြီး သီးသန့်မူဝါဒတွေရေးဆွဲချမှတ်ပေး ထားတာရှိတယ်။ ဆန်းသစ်တီထွင်မှုဇုန် ဆိုတာမျိုးတွေလည်း သီးသန့်ဇုန်တွေ လုပ်ထားပေးတယ်။ စင်ကာပူမှာ ဆိုရင် ဆန်းသစ်တီထွင်မှု လုပ်ငန်းငယ်တွေအတွက် အစိုးရက ငွေစိုက်ထုတ်ပြီး လုပ်ပေးတာရှိတယ်။ ရှုံးရင်အစိုးရက အရှုံးကိုတစ်ဝက် အရှုံးခံပေးတယ်။ အောင်မြင်သွားရင်လည်း စိုက်ထုတ်ထားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို သတ်မှတ်အတိုးပမာဏ နည်းနည်းပေးပြီး ပြန်ဆပ်လိုက်ရင် အဲဒီရှယ်ယာတစ်ဝက်ကို လုပ်ငန်းရှင်ကို ပြန်ပေးတယ်။ ကျောင်းတွေမှာလည်း ပရိုဂရမ်တွေ အများကြီးလုပ်ထားပေးတယ်။ မြန်မာနိုင်ငံမှာလည်း အိုင်တီနဲ့ပတ်သက်ပြီး အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍအကြားမှာ ပူးပေါင်းလုပ်ဆောင်တဲ့ ဓလေ့တစ်ခုကို တည်ဆောက်ဖို့လိုနေတယ်လို့ မြင်တယ်။
ပြည်တွင်းမှာ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက်ဆို အချိန်ဘယ်လောက်အထိ ကြာနိုင်သေးတယ်လို့မြင်လဲ။
အင်တာနက်ရောင်းဝယ်မှုပိုင်း( E-commerce ) အသုံးပြုသူဟာ အနည်းစုတော့ ထွက်လာပြီ။ အဲလိုအနည်းစု ထွက်ပေါ်လာလို့သာလည်းDoor to Door။ MM Bus Ticket ။Flymya။ Get Ride တို့ ထိရောက်လာတာပေါ့။ ဒါတွေ ဘယ်အဆင့်ထိရောက်နိုင်လဲဆိုရင် ရှေ့မှာအများကြီးတိုးတက်မှုကို ရောက်နိုင်သေးတယ်။ မြန်မာနိုင်ငံရဲ့ သန်း ၂၀ ကျော်သော အင်တာနက်အသုံးပြုတွေဟာ အင်တာနက်ရောင်းဝယ်မှုရဲ့ စားသုံးသူတွေ ဖြစ်လာဖို့ လိုတယ်။ အင်တာနက်စားသုံးသူတွေ ဖြစ်လာဖို့ဆိုတာကလည်း အနည်းဆုံး ၁၀ နှစ်လောက်တော့ အချိန်ယူဖို့လိုတယ်။
လက်ရှိမှာ Flymya ကုမ္ပဏီရဲ့ ဝင်ငွေအများဆုံး ဘယ်အပေါ်မှာ အခြေတည်ထားပါသလဲ။ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်အထိရှိထားပါလဲ။
Flymya အနေနဲ့က လက်ရှိမှာ အမြတ်အများဆုံးရရှိနေတာက လေယာဉ်လက်မှတ်ရောင်း တဲ့ဆီကလို့ ပြောရမယ်။ Flymya အနေနဲ့က လေယာဉ်အရောင်းကို ၂၄ နာရီ ဖြေကြားမှု လုပ်ပေးနိုင်တာ ဖြစ်တဲ့အတွက် အဲဒါက အောင်မြင်မှုအများကြီးရထားတယ်။ ရာခိုင်နှုန်း ၉၀ သောအမြတ်က လေယာဉ်လက်မှတ် အရောင်းဆီက လာတယ်လို့ ပြောရမယ်။ ငွေကြေးရင်းနှီးမတည်မှုပိုင်းကတော့ တော်တော်ထည့်ထားပါတယ်။ ဒေါ်လာ ၁၀ သန်းလောက်တော့ မကျော်ပေမဲ့ ကျပ်သိန်းပေါင်းသောင်းချီတဲ့ ပမာဏကိုထည့်ထားပါတယ်။
နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့အစိုးရရဲ့ မူဝါဒအပေါ် ဘယ်လိုမြင်လဲ။ ပြုပြင်ပြောင်းလဲမှုတွေရော ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။
မြန်မာပြည်မှာက ဥဏမူပိုင်ခွင့်လို့ပြောရင် ကုန်အမှတ်တံဆိပ်အပေါ်မှာပဲ ဦးတည်ကြတာ များတယ်။ ဆိုတော့ ဥဏ ပိုင်းနဲ့သက်ဆိုင်တဲ့ မူပိုင်ခွင့်ကိုလည်းလုပ်ပေးနိုင်ဖို့လိုတယ်။ လူငယ်တွေကိုလည်း အခွင့်အလမ်းများများရဖို့ အစိုးရက ထောက်ပံ့ပေးဖို့လည်းလိုတယ်။ စင်ကာပူတို့၊ ကမ္ဘောဒီးယား တို့မှာဆိုရင် ဥဏကုမ္ပဏီဆိုတာနဲ့တင် သီးခြားဝင်ငွေခွန် သတ်မှတ်တဲ့ မူဝါဒတော့ရှိတယ်။ ဘယ်နှနှစ်လောက်ကို ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးမလဲဆိုတာမျိုးပေါ့။ မြန်မာအစိုးရ ကလည်း ဒါမျိုးကိုနည်းနည်းစဉ်းစားပေးရင် ကောင်းလိမ့်မယ်။ အင်တာနက်စီးပွားရေးဆိုတာက ကိုယ့်နိုင်ငံတစ်ခုတည်းနဲ့ ကိုယ်ယှဉ်ပြိုင်ရတာမျိုးမဟုတ်ဘဲ တစ်ကမ္ဘာလုံးနဲ့ယှဉ်ရတာဖြစ်တယ်။ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ လုပ်ငန်းသဘာဝ ဖြစ်တဲ့အတွက် သီးခြားမူဝါဒလေးတွေတော့ လုပ်ပေးဖို့လိုတယ်။
Credit; Myanmar Time