-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်ပစ္စည်းဖြန့်ချီရေးစာချုပ်တစ်ခုတွင် ပါဝင်သင့်သောအချက်များ

ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဖြန့်ချီ ရောင်းချချင်တဲ့ ကုမ္ပဏီတွေနဲ့ တဆင့်ခံရောင်းချသူ Distributor တွေအကြားမှာ အငြင်းပွားမှုတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ အဲဒီလို အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ထုတ်လုပ်သူနဲ့ တဆင့်ခံ ရောင်းချသူ Distributor တွေ အကြားမှာ ပြည့်စုံခိုင်မာတဲ့ ဖြန့်ချီရေးစာချုပ်တစ်ခုကို ချုပ်ဆိုထားသင့်ပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ ဖြန့်ချီရေး စာချုပ်တစ်ခု ဖြစ်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အချက်တွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး စာချုပ်ထဲမှာ ထည့်သွင်းဖော်ပြထားသင့်ပါတယ်။

၁။ ရှင်းလင်းဖော်ပြချက်များ

================

 

ပထမဆုံးအပိုင်းကတော့ နှစ်ဦးနှစ်ဖက် ချုပ်ဆိုမယ့် စာချုပ်မှာ ပါဝင်တဲ့ အဓိက အကြောင်းအရာတွေကို အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းချက်များ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဘယ်သူနဲ့ ဘယ်သူဟာ ဘာပစ္စည်းတွေကို ရောင်းချ ဖြန့်ချီဖို့အတွက် စာချုပ်ချုပ်ဆိုခြင်းဖြစ်တယ် ဆိုတာကို ဖော်ပြရှင်းလင်းထားရမှာ ဖြစ်ပါတယ်။ဥပမာအားဖြင့် တဆင့်ခံရောင်းချသူဟာ ထုတ်လုပ်သူနဲ့ တိုက်ရိုက်ချုပ်ဆိုတာလား။ ထုတ်လုပ်သူရဲ့ ကိုယ်စားလှယ် agent နဲ့ ချုပ်ဆိုတာလား။


နောက်တစ်ခုက တဆင့်ခံရောင်းချသူ Distributor ကို သက်ဆိုင်ရာဒေသမှာ တစ်ဦးတည်း ရောင်းချခွင့်ပေးမှာလား။ အခြားသူတွေကိုရော ရောင်းချခွင့်ပေးမှာလား။ တဆင့်ခံရောင်းချသူတွေကို အဆင့်သတ်မှတ်ချက်တွေ ခွဲခြားထားသေးလား။နောက်ထပ်အရေးကြီးတာတစ်ခုက တဆင့်ခံရောင်းချသူအနေနဲ့ ထုတ်လုပ်သူရဲ့ ကုန်အမှတ်တံဆိပ် ပစ္စည်းအားလုံးကို ရောင်းချ ဖြန့်ချီ ခွင့်ရှိမှာလား၊ သို့မဟုတ် ကုန်ပစ္စည်း အချို့ကိုပဲလားဆိုတာကို တိတိကျကျ ဖော်ပြထားသင့်ပါတယ်။ ဥပမာ – Nestle ရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ အမျိုးအစား များပြားတာကြောင့် သက်ဆိုင်ရာ အုပ်စုအလိုက် ခွဲခြမ်းသတ်မှတ်ပြီး ဖြန့်ချီ ခိုင်းလေ့ရှိပါတယ်။

 

၂ ။ နေရာ၊ ဒေသ ပိုင်းခြားသတ်မှတ်မှု

================

 

နောက်တစ်ပိုင်းကတော့ နေရာ၊ ဒေသ ပိုင်းခြားသတ်မှတ်မှု ဖြစ်ပါတယ်။ တဆင့်ခံရောင်းချသူ Distributor ဟာ ဘယ်နေရာ၊ ဒေသတွေမှာ ရောင်းချ ဖြန့်ချီ ခွင့်ရှိတာလဲ။ တစ်နိုင်ငံလုံးလား၊ မြန်မာပြည် အထက်ပိုင်းလား အောက်ပိုင်းလား။ အဲဒီ နေရာ၊ ဒေသတွေကို ဘယ်လို သတ်မှတ်တာလဲ။ မြို့နယ်အလိုက်လား၊ အကွာအဝေးမိုင်နဲ့လား ဆိုတာတွေကို တိတိကျကျ ဖော်ပြပြီး သဘောတူထားဖို့ လိုအပ်ပါတယ်။


ဥပမာ – မန္တလေးတိုင်းအတွင်း ဖြန့်ချီရောင်းချခွင့်လို့ဆိုရင် မန္တလေးတိုင်းအတွင်းရှိ ဘယ်နေရာဒေသမဆို ပါဝင်တာလား၊ ဒါမှမဟုတ် အချို့ မြို့တွေကို သီးခြားဖယ်ထုတ်ထားတာမျိုး ရှိသလား။ အချို့ company တွေက ဈေးကွက်မှာ အဓိက အချက်အချာကျတဲ့မြို့တွေကို ကိုယ်တိုင်တိုက်ရိုက် ထိန်းချုပ်ချင်တဲ့အတွက်၊ တဆင့်ခံရောင်းချသူ Distributor တွေကို မပေးဘဲ သီးခြားဖယ်ထုတ်ထားလေ့ ရှိကြပါတယ်။

 

၃။ အရောင်းပမာဏနှင့် အရောင်းကော်မရှင်ခံစားခွင့်များ

===================

 

ဒီအပိုင်းမှာတော့ တဆင့်ခံရောင်းချသူဘက်က လစဉ် သို့မဟုတ် နှစ်အလိုက် ပြည့်မှီရမယ့် အရောင်းပမာဏ သတ်မှတ်ချက်ရှိခဲ့ရင် (ငွေကြေးတန်ဖိုး သို့ ပစ္စည်း အရေအတွက်ကို ) ဖော်ပြထားရပါမယ်။အဲဒီအရောင်းပမာဏပေါ်အခြေခံပြီး အကျိုးခံစားခွင့်အနေနဲ့ အရောင်းကော်မရှင် % ဘယ်လောက်ပေးမှာလဲ၊ ဘယ်အချိန်မှာ ပေးမှာလဲ။ နောက်ထပ် အခြား ဘယ်လို အကျိုးခံစားခွင့်တွေ ရနိုင်သေးလဲ။ အဲဒါတွေကို ဘယ်လိုပုံစံနဲ့ ပေးမှာလဲ။ ငွေကြေးအဖြစ်လား၊ ကုန်ပစ္စည်းအနေနဲ့ တန်ဖိုးဖြတ်ပေးမှာလားဆိုတာတွေကို ဖော်ပြထားသင့်ပါတယ်။

 

၄။ အရောင်းမြှင့်တင်မှုအစီအစဉ်များ

====================

 

တဆင့်ခံရောင်းချသူတွေဟာ ထုတ်လုပ်သူတွေက လုပ်ဆောင်တဲ့ အရောင်းမြှင့်တင်မှုအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ရလေ့ရှိပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ပေးရမယ့်ကိစ္စတွေကိုလည်း သဘောတူစာချုပ်မှာ ထည့်သွင်းဖော်ပြထားဖို့ လိုပါတယ်။ဥပမာ ဖြန့်ချီရောင်းချသူရဲ့ ဆိုင်နေရာမှာ ကုန်အမှတ်တံဆိပ်ပိုစတာတွေနဲ့ အလှဆင်ထားတာမျိုး၊ ဖြန့်ချီရောင်းချသူရဲ့ ဝန်ထမ်းတွေကို ပရိုမိုးရှင်းပွဲတွေမှာ အသုံးပြု တာမျိုးတွေကို ကြိုတင်သဘောတူထားသင့်ပါတယ်။

 

၅။ လုပ်ငန်းနှင့်ပတ်သက်သော သင်တန်းပို့ချမှုများ

==================

 

ထုတ်လုပ်သူက သူတို့ရဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ Training သင်တန်းတွေ၊ လုပ်ငန်းဆောင်ရွက်ပုံတွေ၊ ဆားဗစ်ပေးတဲ့ပုံစံတွေကို သင်ကြားပို့ချပေးလေ့ရှိပါတယ်။ အဲဒီလိုပို့ချတဲ့ Training သင်တန်းတွေမှာ ဖြန့်ချီရောင်းချသူဘက်က ဘယ်လိုပုံစံနဲ့ ပူးပေါင်းပါဝင်ပေးရမယ်ဆိုတာတွေကို ဖော်ပြထားသင့်ပါတယ်။ဥပမာအားဖြင့် ရန်ကုန်က ထုတ်လုပ်သူက မန္တလေးက ဖြန့်ချီရေးသမားရဲ့ ဝန်ထမ်းတွေကို ရန်ကုန်ရုံးချုပ်ကို သင်တန်းလာတက်ခိုင်းတာမျိုးတွေဟာ မူလစာချုပ်မှာ ထည့်သွင်းဖော်ပြထားခဲ့တာမရှိခဲ့ရင် နောက်ပိုင်းမှာ ပြသနာဖြစ်တတ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။

 

၆။ စားသုံးသူများအတွက် ဝန်ဆောင်မှုပေးရသောကိစ္စများ

=====================

 

အချို့ကုန်ပစ္စည်းတွေက စားသုံးသူတွေအတွက် ဝန်ဆောင်မှုပေးရတဲ့ကိစ္စတွေ အဓိက ပါဝင်နေလေ့ရှိပါတယ်။ ဥပမာအားဖြင့် ကွန်ပြူတာတွေ၊ လျှပ်စစ်ပစ္စည်းတွေမှာ တပ်ဆင်ပေးရတာတွေ၊ ပြုပြင်ပေးရတာတွေ ပါဝင်လေ့ရှိပါတယ်။ အဲဒီလို ဝန်ဆောင်မှုပေးရတဲ့ကိစ္စတွေမှာ ဖြန့်ချီရောင်းချသူတွေအနေနဲ့ တာဝန်ယူ လုပ်ဆောင်ပေးရမယ့် တာဝန်တွေကို ရှင်းရှင်းလင်းလင်း ကြိုတင်သဘောတူထားသင့်ပါတယ်။ အလားတူပဲ စားသုံးသူတွေ နစ်နာဆုံးရှုံးရတာတွေရှိခဲ့ရင် ထုတ်လုပ်သူဘက်က ဘယ်လိုကိစ္စရပ်မျိုးကိုတော့ တာဝန်ယူမှာဖြစ်ပါတယ် ဆိုတာတွေကို ဖော်ပြထားရပါမယ်။

 

၇။ အခြား စည်းကမ်းသတ်မှတ်ချက်များ

=======================

 

ဒီအပိုင်းမှာတော့ ဖြန့်ချီရောင်းချသူတွေဘက်မှ လိုက်နာရမယ့်၊ လုပ်ဆောင်ပေးရမယ့်အရာတွေနဲ့ ရှောင်ကြဉ်ရမယ့်အရာတွေကိုလည်း တိတိကျကျ ဖော်ပြထားသင့်ပါတယ်။ လိုက်နာရမယ့်ကိစ္စတွေက ဥပမာအားဖြင့် ကုန်ပစ္စည်းသိုလှောင်ထိန်းသိမ်းရမယ့် ပုံစံတွေ၊ အရောင်းဝန်ထမ်းတွေကို စီမံအုပ်ချုပ်ပေးရမယ့်အပိုင်းတွေ၊ ကုန်ပစ္စည်း ဈေးနှုန်းပြောင်းလဲမှုတွေ၊ ကုန်ပစ္စည်းတွေ ပို့ပေးဖို့ ကုန်အမှာစာ ပေးပို့ရမယ့်ကိစ္စမျိုးတွေဖြစ်ပါတယ်။ ဖြန့်ချီရောင်းချသူဘက်က ရှောင်ကျဉ်ရတဲ့ကိစ္စမျိုးက ဥပမာ ပြိုင်ဘက်ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချခြင်း မပြုလုပ်ဖို့ဆိုတာမျိုးဖြစ်ပါတယ်။

 

၈။ စာချုပ်သက်တမ်းကာလနှင့် စာချုပ်ပျက်ပယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ

==========================

 

ဒီနေရာမှာတော့ ထုတ်လုပ်သူ သို့မဟုတ် တင်သွင်းလာသူနဲ့ တဆင့်ခံရောင်းချသူ Distributor တွေအကြားမှာ ချုပ်ဆိုတဲ့ ဖြန့်ချီရေးစာချုပ်ရဲ့ သက်တမ်းကာလကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်ပါတယ်။ ဥပမာ – ၃နှစ်လား၊ ၅ နှစ်လား။ အဲဒီလိုဖော်ပြထားတဲ့ သက်တမ်းကာလ မကုန်ဆုံးခင်မှာ နောက်ထပ်စာချုပ်သက်တမ်းတိုးသွားဖို့ ဘာတွေလုပ်ဆောင်ပေးရမယ်ဆိုတာကိုလည်း စာချုပ်ထဲမှာ ထည့်သွင်း ဖော်ပြထားသင့်ပါတယ်။ ဥပမာ တစ်ဖက်နဲ့တစ်ဖက် ၃-လ ကြိုတင်၍ အသိပေးရမယ် ဆိုတာမျိုးဖြစ်ပါတယ်။


စာချုပ်ပျက်ပယ်ခြင်းဆိုင်ရာကိစ္စရပ်တွေမှာတော့ စာချုပ်မှာ သဘောတူထားတဲ့ကိစ္စရပ်တွေကို တစ်ဦးတစ်ယောက်မှ ချိုးဖောက်ခဲ့ရင် ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာကို ဖော်ပြထားရပါမယ်။ ဥပမာအားဖြင့် (ထုတ်လုပ်သူရဲ့ ပြိုင်ဘက်၏ ကုန်ပစ္စည်းတွေကို ရောင်းချပါက ဤစာချုပ်ကို ထုတ်လုပ်သူဘက်မှ ပျက်ပြယ်ကြောင်း ဆုံးဖြတ်နိုင်သည်) ဆိုတာမျိုးဖြစ်ပါတယ်။

 

၉။ အငြင်းပွားမှုများကို ဖြေရှင်းခြင်း

==================

 

ဒီနေရာမှာတော့ ဘယ်လိုကိစ္စတွေက လူတွေရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်စေတာ၊ ဘယ်လိုကိစ္စတွေက သဘာဝတရားကြောင့်ဖြစ်ပေါ်တာ ဆိုတာတွေကို ရှင်းလင်းထားသင့်ပါတယ်။ ဥပမာ မုန်တိုင်းကျလို့ ကုန်ပစ္စည်းတွေ ပျက်စီးသွားတာမျိုးဆိုရင် သဘာဝတရားကြောင့်လို့ သတ်မှတ်ထားတာမျိုးဖြစ်ပါတယ်။နောက်ပြီး အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ရင် ဖြေရှင်းဖို့အတွက် ဘယ်ကိစ္စတွေကို တရားရုံးမှာ ဖြေရှင်းမယ်၊ ဘယ်ကိစ္စတွေကို ကုန်သည်လုပ်ငန်းရှင်များအသင်းမှာ ဖြေရှင်းမယ်၊ ဘယ်ကိစ္စတွေကိုတော့ အချင်းချင်းညှိနှိုင်းဖြေရှင်းမယ်ဆိုတာတွေကို သဘောတူထားဖို့ လိုအပ်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ဖြန့်ချီရေးစာချုပ်တစ်ခုဟာ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ သဘောတူစာချုပ်ဖြစ်တဲ့အတွက် ဘာတွေတော့ မဖြစ်မနေ ပါဝင်ရမယ်၊ ဘာတွေတော့ မပါရဘူးဆိုတာမျိုးမရှိပါဘူး။ ဒါကြောင့် ထုတ်လုပ်သူနဲ့ ဖြန့်ချီရောင်းချသူတို့ လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေဆုံးဖြစ်စေဖို့အတွက် အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်များကို နှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးပြီး စာချုပ်မှာထည့်သွင်းချုပ်ဆိုထားခြင်းဖြင့် မလိုလားအပ်တဲ့ ပြသနာတွေကို ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

 

Aung Myin

Read times
Rate this item
(1 Vote)