ဖိနပ်တစ်ရံချုပ်ပြီး နေရာတိုင်းမှာ လိုက်သုံးနေတာလား
မာကက်တင်းသမားတစ်ဦးအဖို့ ခေတ်နဲ့အညီ သူပြောချင်တာ သူအသိပေးချင်တာတွေကို လူတွေဆီ အမြန်ဆုံး အပျံ့နှံ့ဆုံးဖြင့် ရောက်စေဖို့ ဆိုရှယ်မားကက်တင်းကို သုံးရမယ် ဆိုတာ ဆွေးနွေးတင်ပြခဲ့တယ်။ ဆိုရှယ်မားကက်တင်းကို စမတ်ဖုန်း စခရင်ပေါ်မှာ လုပ်ကိုင်ရမယ်ဆိုတာကိုလည်း ဆွေးနွေး တင်ပြခဲ့တယ်။
စမတ်ဖုန်း စခရင်ပေါ်မှာ ဆိုရှယ်မာကက်တင်းတွေ လုပ်ကြတဲ့အခါ ဖိနပ်တစ်ရံချုပ်ပြီး နေရာတိုင်းမှာ လိုက်သုံးနေတာတွေ များတယ်။
အဲဒီအကျင့်က အရင်တုန်းက လမ်းအိုပေါ်မှာ လုပ်ခဲ့ကြတဲ့ အကျင့်တစ်ခုကို ပုံပြောင်းထားတာ ဖြစ်ပါတယ်။ အဲဒီအကျင့်ကို မျိုးဆက်တစ်ခုကနေ နောက်တစ်ခုကို လက်ဆင့်ကမ်းခဲ့ကြတယ်။ အတုမြင် အတတ်သင်လိုက်ပြီး လိုက်လုပ်ကြတာတွေလည်း ပါတယ်။
သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် အသစ်ထွက်ပေါ်လာတဲ့ မားကက်တင်း ပလက်ဖောင်းက သူ့ရှေ့မှာ ရှိတဲ့ ပလက်ဖောင်းကို အနိုင်အထက် သိမ်းယူလိုက်တယ်။ ပုံနှိပ်ပရိတ်သတ်ကို ရေဒီယိုက ယူသွားတယ်။ ရေဒီယိုပရိသတ်ကို ရုပ်မြင်သံကြားက ယူသွားတယ်။ အင်တာနက်က သူ့အရင် ရှိနေခဲ့တဲ့ ပလက်ဖောင်းတွေဆီမှ ပရိသတ်ကို ယူသွားတယ်။ ပရိသတ်ကို ယူသွားတယ် ဆိုတာက ပရိသတ် သုံးစွဲတဲ့ အချိန်တွေကို ယူသွားတာလို့ ဆိုလိုပါတယ်။ ပုံနှိပ်ဆီမှာ ကုန်တဲ့အချိန်တွေထဲမှ ရေဒီယိုအတွက် အချိန်တွေ ပါကုန်တယ်။ ရေဒီယို နားထောင်တဲ့ အချိန်တွေကို ရုပ်မြင်သံကြား ကြည့်တဲ့အချိန်အဖြစ် ပြောင်းလဲသုံးစွဲလိုက်ကြတယ်။ ဗီဒီယို ကြည့်တဲ့ အချိန်တွေအဖြစ် သုံးစွဲကြတယ်။ အင်တာနက်က အဲဒီပလက်ဖောင်းတွေမှာ သုံးစွဲနေတဲ့ အချိန်တွေကို သိမ်းလိုက်တယ်။ ပရိသတ်တွေက အင်တာနက်မှာ အချိန်ကုန်ကြတယ်။ အင်တာနက် လက်ထဲမှ ပရိသတ်ရဲ့ အချိန်တွေကို ဆိုရှယ်မီဒီယာက အနိုင်အထက် သိမ်းယူလိုက်တယ်။
အဲဒီမှာ အံ့အားသင့်ဖို့ ကောင်းနေတာက ကူးပြောင်းတဲ့ကာလ တိုတောင်းသွားတာ ဖြစ်ပါတယ်။ ရေဒီယိုကို နားမထောင်ခင်မှာ လူတွေက ပုံနှိပ်မှာ ရှိနေကြတာကနေ ရေဒီယိုမှာ အချိန်တွေ သုံးနေတဲ့သူ သန်း ၅၀ ရဖို့ ၃၈ နှစ် ကြာခဲ့တယ်။ ဆိုလိုတာက ရေဒီယို ပလက်ဖောင်း ပေါ်ပေါက်လာခဲ့ပြီး ရေဒီယို ပလက်ဖောင်းပေါ်မှာ လူ သန်း ၅၀ အနည်းဆုံးအနေဖြင့် ရှိနေဖို့ ၃၈ နှစ် ကြာခဲ့တယ်။ ရေဒီယိုနားထောင်နေတဲ့ သူတွေ ရုပ်မြင်သံကြားရှေ့မှာ ကြည့်ရှုသူ သန်း ၅၀ အနည်းဆုံး ဖြစ်လာဖို့ ၁၃ နှစ် ကြာခဲ့တယ်။ ဆိုလိုတာက ကမ္ဘာပေါ်မှာ ရုပ်မြင်သံကြား ကြည့်ရှုသူ သန်း ၅၀ အနည်းဆုံး ရှိနေဖို့ ရုပ်မြင်သံကြား ပေါ်ပေါက်ပြီး ၁၃ နှစ်ကြာမြင့်ခဲ့ပြီးချိန်ကျမှ ကူးပြောင်း ရောက်ရှိခဲ့တယ်။ Instagram မှာ ပရိသတ် သန်း ၅၀ ဖြစ်လာဖို့ တစ်နှစ်ခွဲပဲ ကြာခဲ့ပါတယ်။ ဘာလို့ မြန်ဆန်လွန်းရတာလဲ။ နေရာတိုင်းလိုလို အချိန်ုတိုင်းလိုလို အင်တာနက်လိုင်းရရင် သုံးလို့ ရနေအောင် လုပ်ပေးထားလို့ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာကို လက်ထဲ ကိုင်ထားတဲ့ စမတ်ဖုန်းနဲ့ ချက်ချင်း တက်သုံးလို့ ရအောင် လုပ်ပေးထားကြတယ်။ သွားရင်း လာရင်း သုံးလို့ ရနေစေတယ်။ အာရုံက ဖုန်းစခရင်ပေါ် ရောက်နေချိန်မှာ သူတို့ ဘေးဘီမှာ ရှိနေတဲ့ ကြော်ငြာတွေကို မသိကြဘူး။ ကိုယ့်အသက် အန္တရာယ် ကျရောက်မှာကိုတောင် သတိမရတာတွေအထိ ရှိတယ်။ လမ်းလျှောက်ရင် ဖုန်းစခရင် ပွတ်တယ်။ စာတွေ ရိုက်ထည့်ပြီး မက်ဆေ့တွေ ပို့တယ်။ ဝင်လာတဲ့ မက်ဆေ့တွေကို ဖတ်တယ်။ ကားမောင်းရင်း စာပေးစာယူတွေ လုပ်တယ်။ ဘတ်စ်ကားစီးရင်း ဖုန်းပွတ်တယ်။
လူတွေ အာရုံစိုက်တဲ့ ကြီးထွားမှု အမြန်ဆုံး မားကက်တင်း အစိတ်အပိုင်းက ဆိုရှယ်မီဒီယာ ဖြစ်ပါတယ်။ အဲဒီမှာ မားကက်တင်း အမျိုးအစား ကဏ္ဍ marketing categories တွေ တသီးတခြား စည်းတားပြီး မရှိတော့ဘူး။ အကုန်လုံးကို ဆိုရှယ်က လွှမ်းခြုံထားလိုက်ပြီ။
ပြဿနာက အကျင့်ပါနေကြတာဖြစ်ပါတယ်။ ကုမ္ပဏီတွေ၊ မာကက်တင်းသမားတွေ၊ လုပ်ငန်းရှင်တွေက အဲဒီအချက်ကို မသိကျိုးကျွံ ပြုနေကြတယ်။ တခြားနေရာတွေမှာ မားကက်တင်းကို ရွက်စုံဖွင့်ပြီး လွှင့်ကြတယ်။ အများကြီးပေးပြီး နည်းနည်းလေးပဲ ပြန်ရကြတယ်။ နည်းတာက ပိုပိုနည်းလာနေတယ်။
ဒီတော့ ခေတ်ကို အမီလိုက်ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်ကို ခုန်တက်လိုက်ကြတယ်။
ဆိုရှယ်မီဒီယာပေါ် တက်လာကြတဲ့ မားကက်တင်းတွေအဖို့ brand ကို မြင်စေနိုင်မှု brand visibility အတွက် Facebook page နဲ့ Twitter account တို့က အသက်တမျှ အရေးပါတယ်။ အများယုံကြည်လက်ခံနိုင်မှု credibility အတွက် အဲဒီနေရာတွေမှာ မှတ်ကျောက်အတင်ခံပြီး တည်ဆောက်ကြရတယ်။
ဒီတော့ ဆိုရှယ်မီဒီယာပေါ် တက်လာကြတဲ့ မားကက်တင်းသမားတွေအတွက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းက အကောင်းမွန်ဆုံး ဖြစ်အောင် လုပ်ပေးထားကြတယ်။ ဘာလို့လဲဆိုတော့ မာကက်တင်းသမားတွေ ကိုယ့်ပလက်ဖောင်းကို ရောက်လာမှ သူတို့ဆီက ပိုက်ဆံကို ပလက်ဖောင်းပိုင်ရှင်က ရမှာ မဟုတ်လား။ တခြား ပလက်ဖောင်းဆီ ရောက်မသွားအောင် သူ့ထက်ငါ သာအောင် လုပ်ပေးထားကြပါတယ်။ ဒါပေမဲ့ မာကက်တင်းသမားတွေ လုပ်ငန်းပိုင်ရှင်တွေက မီအောင် မလိုက်ကြဘူး။ လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန်တွေကို အရေးမလုပ်ချင်ကြဘူး။ အဆင်ပြေအောင် မလုပ်ချင်ကြဘူး။ မကြိူးစားချင်ကြဘူး။
ရေဒီယိုနဲ့ ရုပ်မြင်သံကြား ခေတ်တုန်းကအတိုင်း အကျင့်ပါနေကြတယ်။ ဖိနပ်တစ်ရံချုပ်ပြီး နေရာတိုင်းမှာ လိုက်သုံးနေတယ်။ ဥပမာတစ်ခု ဆွေးနွေးတင်ပြလိုပါတယ်။ တစ်နေရာက တစ်နေရာကို သွားတဲ့ လမ်းခရီးမှာ ဖွင့်နားထောင်တဲ့ အက်ဖ်အမ်ရေဒီယိုမှာ ကြော်ငြာတယ်။ အိမ်မှာ ရုပ်မြင်သံကြား ထိုင်ကြည့်ကြတဲ့ အချိန်တွေအတွက် ရုပ်မြင်သံကြားမှာ ကြော်ငြာတယ်။ အဲဒီနှစ်ခုအတွက် ကြော်ငြာတွေကို တသီးတခြား မဖန်တီးထားတဲ့ ကြော်ငြာတွေ ရှိတယ်။ ရုပ်မြင်သံကြားအတွက် စက္ကန့်ပိုင်းကြာတဲ့ ကြော်ငြာကို ငွေကုန်ကြေးကျခံပြီး ကြော်ငြာဖန်တီးလိုက်ကြပြီး ရုပ်မြင်သံကြားမှာ ကြော်ငြာထိုးတယ်။ အက်ဖ်အမ် ရေဒီယိုအတွက် ကြော်ငြာကိုတော့ ရုပ်မြင်သံကြားကြော်ငြာမှ အသံဖိုင်ကို ယူပြီး သုံးလိုက်ကြတယ်။ ရုပ်မြင်သံကြား ကြော်ငြာကနေ သံကြားရုပ်ပျောက် ကြော်ငြာ ဖြစ်လာတယ်။ အဆင်ပြေတဲ့ကြော်ငြာ ရှိသလို အဆင်မပြေတော့တဲ့ ကြော်ငြာတွေလည်း ဒုနဲ့ဒေး ရှိနေတယ်။ ပလက်ဖောင်းတစ်ခုမှာ ဖန်တီးထားတာကို ခွဲစိတ်ဖြတ်ထုတ်ပြီး နောက်ပလက်ဖောင်း တစ်ခုပေါ်မှာ ပစ်တင်လိုက်တယ်။
ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာလည်း အလားတူ အပါးခိုတာတွေ ရှိနေတယ်။ မိုဘိုင်းကွန်ရက်တွေနဲ့ အက်ပ်တွေက brand ကြီးထွားဖို့ အကြီးမားဆုံး အခွင့်အလမ်းကို ပေးထးတာကို ဖမ်းဆုပ်ဖို့ မားကက်တင်း အားထုတ်မှုတွေမှာ အပါးခိုထားတာတွေ ရှိနေတယ်။
ဆိုရှယ်မီဒီယာမှာ ကြော်ငြာတင်ပြတာဟာ လူသွားလူလာ များတဲ့ လမ်းဘေးမှာ ဘေဘုတ်ထောင်တဲ့သဘောမျိုးပါပဲ။ ဆိုရှယ်ပိုက်ကွန်လာတိုးတဲ့သူတွေက ထောင်ပြထားတဲ့ ဘေဘုတ်ကို သေသေချာချာ ကြည့်ချင်ကြည့်တယ်။ မကြည့်ချင် မကြည့်ဘူး။ ဒါပေမဲ့ မြင်တာတော့ မြင်သွားတယ်။ လမ်းဘေးဘေဘုတ်တွေကလည်း အဲဒီအတိုင်းပဲ မဟုတ်လား။
ဒီတော့ ဖုန်းစခရင်မှာ ပြဖို့ ဘေဘုတ်ထောင်ကြရတယ်။ အဲဒီ ဆိုရှယ်မီဒီယာ ဘေဘုတ်ကို Facebook, Twitter, Instagram တွေမှာ ထောင်ကြတယ်။ အဲဒီအခါမှာ အခုလို ဘေဘုတ်မျိုးတွေ တွေ့ကြရတယ်။
Twitter လွဲရင် ကျန်တာတွေက ဘယ်ဆိုရှယ်ပလက်ဖောင်းပေါ်မှာလဲဆိုတာ ခွဲခြားသိဖို့ ခဲယဉ်းတယ်။
ပလက်ဖောင်း တစ်ခုအတွက် ဖန်တီးထားတာကို နောက်တစ်ခုပေါ် ပစ်တင်လိုက်တယ်။ အချိန်မပေးနိုင်တာ၊ ဘတ်ဂျက်မသုံးနိုင်တာစတဲ့ အကြောင်းပြချက်တွေအပြင် ရှေးယခင် အကျင့်ဟောင်းကို လုပ်လုပ်နေကြတာတွေလည်း ရှိတယ်။
သတိမူသင့်တာက ဆိုရှယ်မီဒီယာတိုင်းမှာ ကိုယ်ပိုင် ဘာသာစကား အသီးသီး ရှိနေကြတယ်။ အဲဒီ ဘာသာစကားကို သင်ယူဖိုကိစ္စကို အရေးမလုပ်ကြဘူး။ ဘာနဲ့တူသလဲဆိုတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ခင်ဗျးက ဗမာစကားနဲ့ လူတွေကို ရှင်းပြနေတယ်။ ဂျပန်လို တစ်လုံးစ နှစ်လုံးစ ညှပ်ပြောပြီး ရှင်းပြနေတယ်။ ဂျပန်စကား နည်းနည်းပါးပါး တီးမိခေါက်မိလောက် သင်ထားဖို့ကိုတောင် ခင်ဗျားက အရေးမလုပ်ဘူး။ ဒီတော့ ခင်ဗျား ပြောပြနေတာကို လမ်းသွားလမ်းလာတွေက အသာရပ်ပြီး နားထောင်ပေးကြမှာလား။ ခင်ဗျားကို သူတို့ မြင်သွားကြတာပဲ ရှိလိမ့်မယ်။ ကြော်ငြာဝေါဟာရနဲ့ ပြောရရင် Impressions တွေတော့ ရပါတယ်။ Impressions အနည်းအများ ပမာဏက ခင်ဗျား ဘယ်နေရာမှာ မတ်တတ်ရပ်ပြီး ပြောပြနေသလဲဆိုတာမှာ မူတည်တယ်။ ခင်ဗျားက ဘယ်ဘာသာစကားနဲ့ ဘာတွေကို ပြောပြနေသလဲဆိုတာနဲ့ ဘာမှ မပတ်သက်ဘူး။
Impression ဆိုတာက သုံးစွဲသူရဲ့ ကိရိယာမှာ ကြော်ငြာပြလိုက်တာကို ရေတွက်တာ မဟုတ်လား။ ဖုန်းစခရင်မှာ တစ်ကြိမ်ပြလို့ တစ်ကြိမ်မြင်သွားရင် Impression တစ်ခါ ရတာပဲ။ အဲဒီအတွက် ခင်ဗျားက ကြော်ငြာခကို ပလက်ဖောင်းပိုင်ရှင်ထံ ပေးလိုက်ရတယ်။ ခင်ဗျား ပြောပြနေတဲ့နားမှာ လူတစ်ရာ ဖြတ်သွားလို့ ခင်ဗျားကို လူတစ်ရာက တစ်ယောက်တစ်ကြိမ်စီ မြင်ရင် အကြိမ်တစ်ရာစာ ခင်ဗျား ကြော်ငြာခ ပေးရတော့တာပဲ။ ကံဆိုးလှစွာနဲ့ လူ သုံးလေးယောက်က ခင်ဗျား ပြောနေတဲ့နားမှာ ခေါက်တုံ့ခေါက်ပြန် အားအားယားယား လမ်းသလားနေရင် သူတို့က ခင်ဗျားကို မြင်သမျှ ကြိမ်ရေအတွက်လည်း ခင်ဗျား ကြော်ငြာခ ပေးရတော့တာပဲ။ ခင်ဗျားကို မြင်တဲ့ လူဉီးရေက တစ်ရာမပြည့်ပေမဲ့လည်း အကြိမ်တစ်ရာစာ ပေးရမှာပဲ။ ဒါပေမဲ့ ခင်ဗျား အသိပေးချင်တာကို သိသွားတဲ့သူ ရှိဖို့နေနေသာသာ ခဏရပ်ပြီး နားထောင်ပေးတဲ့သူတောင် မရှိဘူး။
အဲဒါဟာ ဖိနပ်တစ်ရံချုပ်ပြီး နေရာတိုင်းမှာ လိုက်သုံးနေတဲ့အတွက် နစ်နာချက် ဖြစ်ပါတယ်။
ဖတ်ရှုလေ့လာရန် link များ
https://myanmaradvertisingdirectory.com/knowledge/tips.html
3 အားပျော့ပျက်ပြယ်နေတဲ့ မုန်တိုင်းငယ်
4 လူတွေ သွားတဲ့နောက်ကို ကြော်ငြာတွေ လိုက်ပါကြတယ်