-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖုန်းနဲ့ ဘာလုပ်မှာလဲ

ခင်ဗျားမှာ ဖုန်းရှိတယ် မဟုတ်လား။ ခင်ဗျားရဲ့ ဖုန်းက ခင်ဗျားအနားမှာ အမြဲ ရှိတယ်။ ခင်ဗျား အလုပ်လုပ်နေတဲ့ စားပွဲပေါ်မှာ ရှိမယ်။

ခင်ဗျားရဲ့ လက်ကိုင်အိတ်ထဲမှာ ရှိမယ်။ ခင်ဗျားရဲ့ လက်ထဲမှာ ရှိမယ်။ အဝတ်အစား အိတ်ထောင်ထဲမှာ ရှိမယ်။ အလွယ်တကူ လက်လှမ်းယူလို့ရတဲ့ နေရာတစ်နေရာရာမှာ ရှိမယ်။

ခင်ဗျားမှာ ဖုန်းရှိသလို တခြားသူတွေမှာလည်း ဖုန်း ရှိကြတယ်။ ခင်ဗျားလိုပဲ လွယ်လင့်တကူ လက်လှမ်းမီတဲ့နေရာမှာ ဖုန်း ရှိနေတယ်။

လူတွေကြားထဲ သွားရင် ဟိုကြည့်ဒီကြည့် ကြည့်လိုက်တဲ့အခါ ဖုန်းပြောနေတဲ့သူ တွေမယ်။ ဖုန်းပွတ်နေတဲ့သူ တွေ့မယ်။ လက်ထဲ ကိုင်ထားတဲ့သူ တွေ့မယ်။ တချို့က ရှေးမူမပျက် ဖုန်းသုံးကြတယ်။ ဆိုလိုတာက လက်ထဲ ကိုင်ထားတဲ့ဖုန်းနဲ့ ဆက်သွယ်ပြီး စကားပြောဆိုတယ်။ တချို့က အသံတိတ်နည်းနဲ့ ဆက်သွယ်တယ်။ စာတွေ ရိုက်ထည့်ပြီး ပေးပို့မယ်။ ပုံတွေ ပေးပို့မယ်။ တစ်ဖက်က ပြန်လာတာတွေကို စာဆိုရင် ဖတ်မယ်။ ပုံဆိုရင် ကြည့်မယ်။ ဖုန်းကို လက်နှစ်ဖက်နဲ့ ကိုင်ရင်း ဂိမ်းစကာနေတဲ့သူတွေလည်း ရှိမယ်။ လက်တစ်ဖက်နဲ့ ထိန်းကိုင်ရင်း ဗီဒီယို ကြည့်နေတဲ့သူလည်း ရှိမယ်။ ဖုန်းဆိုတာကို ဖုန်းပြောဖို့ကလွဲရင် ကျန်တဲ့ကိစ္စတွေအတွက် သုံးမယ်။ ဓာတ်ပုံရိုက်မယ်။ ဗီဒီယို ရိုက်မယ်။
နောက်တစ်မျိုး သုံးကြတာ ရှိတယ်။ ဘယ်သူ့ကိုမှ မရည်ရွယ်ဘူး။ မြင်တဲ့သူ အကုန်ကြည့်။ လူမှုကွန်ရက်မှာ စာတွေ ပုံတွေ တင်ပြီး အသိပေးတယ်။ ဖဘမှာ ပို့စ်တင်မယ်။ တွစ်တာမှာ တွိမယ်။ အင်စတြာဂရမ်မှာ ပုံတင်မယ်။
အဲဒီလို သူများတွေ အများသူငါတင်ထားတာတွေကို လိုက်ကြည့်မယ်။ လိုက်ဖတ်မယ်။ တုံ့ပြန်မှု ပေးမယ်။ မန့်မယ်။
အဲဒီလိုတွေ ဖုန်းကို ဖုန်းဆက်တာကလွဲရင် ကျန်တဲ့ကိစ္စတွေကို သုံးနေတာမို့ ကိုင်ထားတဲ့ ဖုန်းတွေက ကီးပက်ဖုန်းက ခပ်ရှားရှားပဲ။ စခရင်တို့ထိ လုပ်ကိုင်တဲ့ စမတ်ဖုန်းတွေ ကိုင်ကြတာ များတယ်။ ဖုန်းစခရင် အရွယ်အစား အားမရတဲ့ သူတချို့က တက်ဘလက် ကိုင်သုံးကြမယ်။

ကောင်းပြီ။ ဖုန်းဖြစ်ဖြစ် တက်ဘက်လက်ဖြစ်ဖြစ် လက်ထဲ ရှိနေတဲ ကိရိယာကို သုံးနေကြတဲ့သူတွေမှာ ဆိုရှယ်မီဒီယာ ပိုက်ကွန်ထဲမှာ ရောက်နေကြတယ်။ အသုံးအနှုန်းကတော့ ကွန်ရက် လို့ ပြောကြတယ်။ သဘောသဘာဝက ပိုက်ကွန်ထဲ မိနေကြတာနဲ့ တစ်သဘောတည်းပဲ။

ခင်ဗျားက ကြော်ငြာသမားဆိုရင် ပါးစပ်က ပြောဆိုတဲ့အခါ ကွန်ရက်လို့ ပြောဆိုနေမယ်။ စိတ်ထဲ ကြံစည်တဲ့အခါ ပိုက်ကွန်လို့ ယူဆပြီး တွေးတောကြံဆရမယ်။ ခင်ဗျား အသိပေးချင်တဲ့သူတွေက ပိုက်ကွန်ထဲမှာ ရောက်နေနှင့်ပြီးသား။ ပိုက်ကွန်ကို လာတိုးနေကြတာဆိုတော့ ပိုက်ကွန်ထဲ ရောက်မလာမှာ ပူစရာလိုလို့လား။ လိုင်းကျလို့ ပိုက်ကွန်ထဲ ရှိမနေရင် နေမထိထိုင်မသာ ဖြစ်နေကြတဲ့သူတွေ မဟုတ်လား။ ပိုက်ကွန်ထဲမှာ သူတို့ ရောက်နေကြပြီး Facebook ချိတ်တွေနဲ့ ငြိနေကြတယ်။ တွစ်တာက ချိတ်နဲ့ ငြိနေကြတယ်။ အင်စတြာဂရမ်က ချိတ်နဲ့ ငြိနေကြတယ်။ စာဖတ်သန်တဲ့သူတွေ မီဒီယမ်က ချိတ်နဲ့ ငြိနေကြတယ်။ စကားပြောသန်တဲ့သူတွေ ချပ်တင်လုပ်တဲ့ အက်ပ် မက်ဆင်ဂျာ၊ ဝီချပ်၊ ဝှပ်အက်ပ် စတာတွေနဲ့ ငြိနေကြတယ်။
ပိုက်ကွန်က ဈေးတစ်ခုလိုလည် စည်ကားတယ်။ အရောင်းအဝယ်သမားတွေကလည်း သူတို့ ရောင်းချင်တာ ဝယ်ချင်တာတွေ တင်ပြနေကြတယ်။ .လိုချင်တာ လိုက်ရှာပြီး ဝယ်တဲ့သူတွေလည်း ရှိတယ်။ မြင်လိုက်တော့မှ လိုချင်လို့ ဝယ်လိုက်သူတွေလည်း ရှိတယ်။
ရောင်းချင်တဲ့သူဆိုရင် မိသားစုတစ်ခုမှာ ဈေးဝယ်ဖို့ ဆုံးဖြတ်ချက် ချပေးတဲ့သူတွေ မြင်အောင် ပြဖို့ လိုမယ်။ သူတို့က များသောအားဖြင့် အိမ်ရှင်မတွေ ဖြစ်ကြပြီး မိခင်တွေလည်း ဖြစ်ကြတယ်။ မိသားစုအတွက်၊ လင်တော်မောင်အတွက်၊ သားအတွက်၊ သမီးအတွက် ဝယ်ကြမယ်။ ကြီးကြီးမားမား လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်းဆိုရင် ဖခင်တွေက ဆုံးဖြတ်ပေးတဲ့သူနေရာမှာ ရှိနေတတ်တယ်။
မိခင်ဖြစ်ဖြစ် ဖခင်ဖြစ်ဖြစ် သူတို့ ဈေးဝယ်ဖို့ ပိုက်ကွန်ထဲမှာ လုပ်ကိုင်တဲ့အခါ စားပွဲတင် ကွန်ပျူတာ၊ ပေါင်တင်ကွန်ပျူတာ လက်ပ်တော့ စတာမျိုးတွေ မသုံးကြဘူး။ ဖုန်းကိုပဲ သုံးကြတယ်။
ခင်ဗျား ပြသထားတဲ့ ပိုက်ကွန်နေရာကို သူတို့လာကြည့်ရင် ဖုန်းစခရင်နဲ့ လာကြည့်ကြလိမ့်မယ်။
လက်ထဲ ကိုင်ထားတဲ့ ဖုန်းဖြစ်ဖြစ် တက်ဘလက်ဖြစ်ဖြစ် သုံးပြီး လာကြည့်ကြလိမ့်မယ်။ သူတို့က ပိုက်ကွန်ထဲ လျှောက်သွားရင်း ငြိနေတဲ ချိတ်က ကြိုးရှည်ရှည်ဖြင့် သူတို့ကို လန်ထားတယ်။ အလိုက်သင့်လေး လန်ပေးထားတော့ ထိပ်မှာ ချိတ်တပ်ထားတဲ့ ကြိုး ရှိနေမှန်း သူတို့ မသိကြဘူး။ သူတို့က ဖဘချိတ်မှာ ငြိရင် ဖဘက လန်ထားနဲ့ကြိုးတန်းလန်းနဲ့ သွားနေတယ်။ တခြားမသွားတော့ဘူး။ အဲဒီလို သွားနေတာမှာ ခင်ဗျား ပြချင်တာ အသိပေးချင်တာကို သူတို့ မြင်အောင် လုပ်နိုင်ဖို့ လိုတယ်။ အဲဒီအတွက် သူတို့လာရင် ပြပေးဖို့ အခကြေးပေးပြီး ကြော်ငြာကြတယ်။ ဖဘက sponsor ဆိုပြီး ခင်ဗျား ပြချင်တာကို ကြားထိုးပြီး ပြပေးမယ်။ ခင်ဗျားပြတာကို သူတို့ မြင်ပေမဲ့ ခင်ဗျားပြတာကို ကျော်သွားနိုင်တယ်။ အာရုံမရောက်လိုက်ဘူးဆိုပါတော့။ အဲဒါမျိုးက ဖြစ်နေကျပဲ။ ဈေးခင်းကြီးထဲ စည်ကားနေတယ်လို့ ပြောခဲ့ပြီးပြီ။ ဈေးခင်းက အသံတွေ ဆူဆူညံနေတယ်။ အချက်အလက်တွေ၊ ပုံတွေ၊ တင်ချင်ရာ တင်ထားတာတွေ၊ လူအများ စုပြုံပြီး လာဖတ်ကြတဲ့ ရန်ပွဲတွေ. . .
ပိုက်ကွန်ထဲ ရောက်နေကြသူတွေက သောက်လေသောက်လေ ငတ်မပြေ ဖြစ်နေကြတယ်။ ပိုသိရလေ ပိုသိချင်လေ။ သိရရင် တော်ပြီ ကျေနပ်ပြီ။ ပါးစပ်ပိတ် နှုတ်ဆိတ်ပြီး ဈေးဝယ်တဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့ ကိုယ်သိလိုက်တာကို ဝေမျှချင်တယ်။ ဒီတော့ အသံပြုလိုက်ပြီး ပြောပြတယ်။ ဈေးခင်းထဲ အဲလို ထွက်ပေါ်နေတဲ့ အသံတွေလည်း ရှိတယ်။
အဲဒီလို ပိုက်ကွန်ထဲကို နေ့တိုင်း ရောက်တယ်။ အလုပ်ရှုပ်ရင်း အရှုပ်တွေ လုပ်မယ်။ အဲဒီအတွက် သူတို့က ဖုန်းကို သုံးကြတယ်။ ဒီတော့ ခင်ဗျားတို့ရဲ့ brands တွေ၊ ခင်ဗျားတို့ရဲ့ ဝန်ဆောင်မှုတွေ၊ ခင်ဗျားတို့ရဲ့ စီးပွားရှာတဲ့အလုပ်တွေ၊ ခင်ဗျားတို့ရဲ့ ပရဟိတအလုပ်တွေ ဖုန်းစခရင်ပေါ်မှာ ပေါ်နေဖို့ လိုတယ်။ ဒီတော့ ဖုန်းနဲ့ ဘာလုပ်မှာလဲလို့ မေးနေဖို့ လိုသေးလား

Read times
Rate this item
(1 Vote)