သမားရိုးကျ မားကက်တင်းမှာ အရင်လူတွေ ဘယ်လိုလုပ်ပြီး အဆင်ပြေခဲ့ကြသလဲ။
ဘယ်လိုလုပ်တာ အဆင်မပြေဘူးလဲ။ နောက်လူတွေက အတုယူတယ်။ သင်ခန်းစားယူတယ်။ အရင်လူတွေ သုံးခဲ့တဲ့ ထိုးနှက်ချက်တွေနဲ့ ဝယ်ယူသူတွေကို ထိုးတယ်။ ထိုးဖို့အတွက် ပလက်ဖောင်း သုံးလေးခု ရှိတယ်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ ပုံနှိပ်၊ ပြင်ပ။ အဲဒီပလက်ဖောင်းတွေက လေးလံနှေးကွေးတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင် ကြော်ငြာထိုးနှက်ချက်တွေ ပြောင်းလို့ မရဘူး။ ထိုးကွက်တစ်ခုနဲ့ထိုးရင် တစ်လတန်သည် နှစ်လတန်သည်တော့ အဲဒီထိုးကွက်နဲ့ ထိုးနှက်နေရတယ်။ ပြီးတော့ ဘောင်အကန့်အသတ်တွေ ရှိနေတယ်။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင် အချိန်ကန့်သတ်ချက် ကြီးမားတယ်။ စက္ကန့်ပိုင်းအတွင်း ထိုးပြီးသား ဖြစ်ရမယ်။ ပုံနှိပ်ဆိုလည်း လွန်ရောကျွံရော တစ်မျက်နှာထက် မပိုတဲ့ ဧရိယာထဲမှာ အရထိုးရတယ်။ ပြင်ပကြော်ငြာ ဆိုရင် အဝေးကပင် မြင်နိုင်ပါသည် ဖြစ်အောင် လုပ်ရတော့ စာလုံးတွေ ဆိုရင်လည်း ကြီးကြီးမားမား သုံးရလို့ နေရာကုန်တယ်။ ပြောချင်တာ တိုတိုတုပ်တုပ်နဲ့ ထိုးရတယ်။
“တစ်ခုဝယ် နှစ်ခုရ။ ဒီတစ်ပတ်အတွင်းသာ” ထိုးချက်။
“အထူးအခွင့်အလမ်း လက်လွှတ်မခံနဲ့” ထိုးချက်။
“မသိသူကျော်သွား သိသူဝယ်စား အထူးလျှော့ဈေး” ထိုးချက်။
ကျန်ရှိတဲ့ နေရာလွတ်မှာ ရောင်းကုန် သို့မဟုတ် ရောင်းချတဲ့ ဝန်ဆောင်မှုရဲ့ ပုံကို ဖော်ပြမယ်။ အဲဒီလို ဖော်ပြထားတာမှာ ပရိသတ်ချစ်တဲ့ စဲလီရဲ့ဓာတ်ပုံအတွက်လည်း နေရာကောင်းကောင်း ပေးရတယ်။
အကန့်အသတ်တွေ ကြားထဲမှာပဲ မာကက်တင်းတွေ အောင်မြင်မှုတွေ ရကြတယ်။ တစ်ဖက်သတ် ထိုးနေတဲ့
တရားမျှတမှု မရှိတဲ့ လက်သီးထိုးပွဲတွေ ဖြစ်နေပေမဲ့လည်း အလုပ်ဖြစ်တယ်။ စားသုံးသူတွေကို ချောင်ပိတ်ပြီး ထိုးတယ်။ စားသုံးသူတွေမှာ တန်ပြန်ထိုးနှက်စရာ မီဒီယာ မရှိဘူး။
နောက်တော့ ပလက်ဖောင်းတစ်ခု ထပ်တိုးလာတယ်။ အင်တာနက်။ မြန်ဆန်တယ်။ ဒါပေမဲ့ တစ်နေ့တစ်မျိုး မရိုးအောင် ပြောင်းလဲတင်ပြနေဖို့ အခက်အခဲတွေ ရှိလို့ ခဲယဉ်းနေဆဲ ဖြစ်ပါတယ်၊ banner တွေ တင်ပြထားလိုက်ရင် တစ်နေ့တစ်ခါ ပြောင်းလဲနေဖို့ မဖြစ်နိုင်လောက်အောင် ခဲယဉ်းပါတယ်။
နောက်တော့ အဲဒီ ပလက်ဖောင်းပေါ်မှာ လူတွေ စုရုံးနေတဲ့ နေရာတွေ ပေါ်လာတယ်။ ဆိုရှယ်မီဒီယာတွေ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာ တစ်နေ့တစ်မျိုး မရိုးရအောင် အမျိုးမျိုး ပြောင်းလဲပြီး ထိုးနှက်နေလို့ ရတယ်။ မနက်တစ်မျိုး နေ့လည်တစ်မျိုး ပြောင်းထိုးနေလို့လည်း ရတယ်။ အရှည်အတို ကန့်သတ်ချက်တွေ မရှိသလောက် ဖြစ်သွားတယ်။ ဖုန်းစခရင်မှာ ပြသရတာဆိုတော့ ရုပ်သေနဲ့လည်း ရတယ်။ အသံထည့်လည်း ရတယ်။ ရုပ်ရှင်လည်း ရတယ်။ ဖုန်းစခရင်ကို သွားရင်းလာရင်း ကြည့်တာ အဆောက်အဦပြင်ပတစ်နေရာရာ ဉပမာ လမ်းဘေးပလက်ဖောင်းမှာ ကြည့်တာဆို ပြင်ပကြော်ငြာ ဖြစ်သွားတယ်။ အတွင်းအပြင် ခွဲခြားတဲ့ စည်းက မှိန်မှိန်လေး ဖြစ်သွားတယ်။
ဆိုရှယ်မီဒီယာက စားသုံးသူတွေကို အားသာချက် ပေးထားတယ်။ ပလက်ဖောင်းပေါ်မှာ ကစားပုံ ကစားနည်း ပြောင်းဖို့ စားသုံးသူတွေ တောင်းဆိုလို့ ရသွားပြီ။ ထိုးနှက်ချက်ကို တုံ့ပြန်စရာ မီဒီယာတစ်မျိုးအဖြစ် ဆိုရှယ်မီဒီယာ လက်ထဲမှာ ရှိသွားပြီ။ သူတို့ကို တစ်ဖက်သတ် ထိုးနေလို့ မရတော့ဘူး။ ထိုးနှက်ချက် ပို့စ် တင်လိုက်ရင် သူတို့ကလည်း ပို့စ် ပြန်တင်လို့ ရနေပြီ။ သူတို့ရဲ့ ထင်မြင်ချက်တွေ ပြန်တင်ပြလို့ ရနေပြီ။
အရင်တုန်းက မားကက်တင်းသမားတွေက ဟဲဗီးဝိတ်(heavyweight)အတန်းအစားမှာ ထိုးနေကြတယ်။ ဆရာကျတဲ့ ထိုးကွက်တွေနဲ့ တစ်ဖက်သတ် ထိုးနေကြတယ်။ အခုတော့ စားသုံးသူတွေက လိုက်ဝိတ်အ(lightweight)တန်းအစားမှာ တန်ပြန်ထိုးနှက်ချက်တွေကို ကိုယ်ထိုးတတ်သလို ထိုးတဲ့ ထိုးကွက်တွေနဲ့ ပြန်ထိုးနေကြပြီ။ ဆတ်ဆတ်ထိ နာအောင် ထိုးကြတယ်။ ကျီးတွေ အာသလို အုံနဲ့ကျင်းနဲ့ ဝိုင်းထိုးဆိတ်ကြတာမျိုးလည်း ဖြစ်ပွားတတ်တယ်။
ဒီတော့ မားကက်တင်းသမားတွေက စားသုံးသူနဲ့ တရင်းတနှီး ထိတွေ့ဖို့အတွက် လိုက်ဝိတ်တန်းမှာ ထိုးကြရတယ်။ ပေါ့ပေါ့ပါးပါး ထိုးချက်ကလေးတွေနဲ့ ဟပ်ထိအောင် ထိုးကြရတယ်။ ပါဝင်တဲ့ အကြောင်းအရာ content က ကောင်းမှ ဟပ်ထိမယ်။ စားသုံးသူတွေကို ရယ်မောအောင် လုပ်တယ်။ တခစ်ခစ် ကျိတ်ရယ်အောင် လုပ်တယ်။ ဂိမ်းတစ်ခုခု ပေးဆော့ခိုင်းတယ်။ တန်ဖိုးထားအောင် လုပ်တယ်။ လွတ်လမ်း ပေးတယ်။ ပြီးတော့ ငြိအောင် ချိတ်ပြီး ကြော်ငြာရှင်အတွက် အကျိုးရှိမယ့်ဟာ တစ်ခုခုလုပ်ခိုင်းတဲ့ calls to action တွေ ပါတယ်။
share ဆိုတဲ့ ခလုတ်ကို ထိပြီး share ချင်အောင်လည်း လုပ်ရတယ်။ အဲဒီအတွက် ဇာတ်လမ်း story ကောင်းတစ်ခု ဖြစ်ဖို့ လိုတယ်။ ထိုးချက်စာကြောင်းက စွမ်းပကား သိပ်မပြင်းတော့ဘူး။ အထွတ်အထိပ် ရောက်အောင် လုပ်တာမျိုးကလည်း စွမ်းပကား မပြင်းထန်တော့ဘူး။ ဇာတ်လမ်း story မပါဘဲ တုံးတိကြီး တင်ပြလို့ မရတော့ဘူး။ ဇာတ်လမ်းဆင်ပြီး အလဲထိုးကြရတယ်။
story ကို ပြောပြရင်း ဆိုရှယ်မီဒီယာ လာသုံးကြသူတွေနဲ့ ထိတွေ့ဆက်ဆံမှု တိုက်ရိုက်ရသွားတယ်။ လိုလားခြင်း အမြင်ကပ်ခြင်း၊ ချစ်ခြင်းမုန်းခြင်းတွေ တဒင်္ဂအတွင်း ဖြစ်ပွားတယ်။ စားသုံးသူရဲ့ ဟပ်ကို ထိပြီး အရောင်းအဝယ် ဖြစ်သွားဖို့အတွက်က ၁၀ ဆမက ပိုခက်ခဲသွားတယ်။
တင်ပြတဲ့ အကြောင်းအရာ ကောင်းရုံနဲ့ မရတော့ဘူး။ တင်ပြပုံက ပိုအရေးကြီးနေပြန်တယ်။ အပြောမတတ် ဆဲသလို ဖြစ်တတ်တယ်။ ပြီးတော့ အခြေအနေ အချိန်အခါကိုလည်း ကြည့်ရတယ်။ အချိန်ကိုက် တင်ပြဖို့ လိုတယ်။ ပလက်ဖောင်းပေါ်မှာ ဆရာတွေ များတယ်။ သူသိသူတတ်တွေ များတယ်။ ဒီတော့ တလေးတစားဖြင့် တင်ပြဖို့ လိုတယ်။ သိမ်မွေ့ဖို့ လိုတယ်။ ပညာသားပါဖို့ လိုတယ်။
ဒီတော့ မာကက်တင်းသမားတွေက ဆိုရှယ်မားကက်တင်း လုပ်ကြရတဲ့ခေတ်အခါမို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ လူလုံးထွက်ပြလိုက်ကြတယ်။ စိတ်ထဲ အလေးအနက် သိပ်မထားကြဘူး။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ် ရှိနေမှ ဖြစ်မှာမို့ ရှိပေးလိုက်ကြတယ်။ အမြင်လှဖို့ ဖန်တီးလိုက်ကြတယ်။ ဂရပ်ဖစ်ဒီဇိုင်း ကောင်းဖို့ လုပ်တယ်။ ပါဝင်တဲ့ အကြောင်းအရာ content အရည်အသွေးတစ်ခု ရဖို့ ဦးတည်ချက်က မှေးမှိန်နေတယ်။ ဆိုရှယ်မီဒီယာ ပရိသတ်ကို အောက်ဆီဂျင် ပေးမထားဘူး။ နေသာတဲ့နေ့တစ်နေ့လို သာသာယာယာ ခံစားမှု ပေးမထားဘူး။ content က ကောင်းမှ ဟပ်ထိမယ်ဆိုတာ သတိရနေဖို့ လိုပါလိမ့်မယ်။