ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့အတွက် Francis J. Bergin က Seven Cs of Communication ဆိုတဲ့ C ခုနစ်လုံးကို ပြောပြချင်ပါတယ်။
Completeness (ပြည့်စုံမှု)
ဆက်သွယ်မှုတိုင်းမှာ ပြည့်စုံမှု လုံလုံလောက်လောက်ရှိဖို့လိုပါတယ်။
ကိုယ်ပေးတဲ့ Message ဟာ ပြည့်စုံမှုမရှိရင် လက်ခံရရှိသူတွေ အနေနဲ့ ခန့်မှန်းနေရတာတွေ၊ နားလည်မှုလွဲမှားတာတွေ ဖြစ်ပေါ်စေပြီး အလုပ်နောက်ကျတာတွေ၊ အလုပ်မပြီးတာတွေ ဖြစ်ပေါ်စေတတ်ပါတယ်။
Conciseness(လိုရင်းတိုရှင်း)
စီးပွားရေးအရ ဆက်သွယ်တဲ့နေရာမှာ သင်ပြောချင်တဲ့စကားကို တတ်နိုင်သမျှ စကားလုံးအနည်းဆုံးအသုံးပြုပြီး ဖော်ပြသင့်ပါတယ်။
ဒီလိုပြောတဲ့နေရာမှာ ပြောချင်တဲ့ ကိစ္စများ မကျန်ရစ်ခဲ့ဖို့တော့ လိုပါတယ်။
ဒီလို လိုရင်းတိုရှင်းပြောခြင်းအားဖြင့် အချိန် နှင့် ကုန်ကျစရိတ် သက်သာခြင်း၊ အရေးကြီးအချက်အလက်များ ပေါ်လွင်စေခြင်း၊
မိမိ၏ ပြောစကားမှာ တစ်ဖက်သားအတွက် ပိုမိုစိတ်ဝင်စားစရာ ကောင်းမွန်စေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။
Clarity (ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောခြင်း)
မိမိအနေနဲ့ ပေးချင်တဲ့ Message ဟာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားရှိဖို့ လိုပါတယ်။
အဲ့ဒီလို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှိစေရန်အတွက်
-တိုပြီး ရင်းနှီးပြီးသား စကားလုံးများကိုသာ သုံးပါ။
-အရေးပါသော စကားများသာ သုံးပါ။
-စာဖြင့်ရေးသည် ဆိုပါကလည်း ရှင်းရှင်းလင်းလင်းနှင့် ဖတ်လို့လွယ်အောင်ရေးပါ။
-လိုအပ်ပါက ဥပမာများ၊ သရုပ်ပြခြင်းများ သုံးပါ။
Correctness(မှန်မှန်ကန်ကန်)
-သတင်းအချက်အလက်များ တိကျဖို့နဲ့ ဘာသာစကားမှန်ကန်ဖို့ သတိပြုပါ။
-မိမိပေးလိုက်တဲ့ သတင်းအချက်အလက်ဟာ မှားယွင်းနေမယ်ဆိုရင် တစ်ဖက်သားရဲ့ ယုံကြည်မှုကို ဆုံးရှုံးရပါလိမ့်မယ်။
-သတင်းအချက်အလက်မှားယွင်းခြင်းက ဆုံးဖြတ်ချက်ချမှတ်တာကိုပါ ထိခိုက်စေပါလိမ့်မယ်။
-ကာလကြာရှည်ပါက လုပ်ငန်းရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေပါလိမ့်မယ်။
-ဆက်သွယ်ရာမှာ စာနဲ့ဖြစ်စေ၊ နုတ်ဖြင့်ဖြစ်စေ စာကြောင်းတည်ဆောက်ပုံကို သတိပြုဖို့လိုပါတယ်။ စာကြောင်းတည်ဆောက်ပုံမှားပါက ရှုပ်ထွေးသွားစေနိုင်လို့ပါ။
-သင်ပို့မဲ့ Message မှာ ပါမဲ့ သတင်းအချက်အလက်ဟာ မသေချာသေးရင် မပို့သေးတာက ပိုကောင်းပါတယ်။
Consideration (စဉ်းစားခြင်း)
-ဒါကတော့ အခြေခံအကျဆုံးပါပဲ။
-သင်ပေးတဲ့ Message ဟာ တခြားသော C များဖြစ်တဲ့ Complete(ပြည့်စုံခြင်း)၊ Concise(လိုရင်းတိုရှင်းရှိခြင်း)၊ Clarity (ရှင်းလင်းပြတ်သာခြင်း)
၊ Correctness(မှန်ကန်ခြင်း)၊ Courtesy(ယဉ်ကျေးခြင်း)၊ Concreteness(တိကျမှန်ကန်ခြင်း) တို့နဲ့ ပြည့်စုံရမှာ ဖြစ်သလို
တစ်ဖက်သားအတွက်လည်း ကိုယ်ချင်းစာစိတ်ဖြင့် စဉ်းစားပေးခြင်း (Consideration) ကိုလည်း ထည့်သွင်းရမှာ ဖြစ်ပါတယ်။
-ဒီလို ကိုယ်ချင်းစာစိတ်ကို ဖော်ပြဖို့အတွက်ဆိုရင် သင့်အတွက် သင်အာရုံစိုက်သလို တစ်ဖက်သားအတွက်ပါ အာရုံစိုက်ပေးပါ။
-တစ်ဖက်က ရနိုင်မဲ့ အကျိုးကျေးဇူးကို ဇောင်းပေးပြီး ဖော်ပြပါ။
-ကောင်းတဲ့အချက်တွေကို ဦးစားပေးပြီး ဖော်ပြပါ။
-သင့်ရဲ့ ကျင့်ဝတ်လိုက်နာမှုကို တစ်ဖက်သားသိအောင်ပြပါ။
Courtesy (ယဉ်ကျေးပါ။)
ယဉ်ကျေးသော ပြောဆိုဆက်သွယ်မှုဟာ စီးပွားရေးအရ ဆက်ဆံရာမှာလည်း ရင်းနှီးမှုကို ခိုင်မြဲစေသလို မိတ်ဆွေသစ်တွေကိုလည်း ရရှိစေပါတယ်။
ယဉ်ကျေးခြင်းဆိုတာဟာ သင့်ရဲ့ ကိုယ်တွင်းစိတ်အခံက လာတာဖြစ်ပါတယ်။ ယဉ်ကျေးသော ပြောဆိုဆက်သွယ်မှုတစ်ခုဖြစ်ဖို့အတွက်
-ပြောဆိုဆက်ဆံရာမှာ သံတမန်နည်းကျကျ စဉ်းစဉ်းစားစား ဆက်ဆံရမှာ ဖြစ်သလို တစ်ဖက်သားကို အသိအမှတ်ပြုဖို့လည်း လိုပါတယ်။
-တစ်ဖက်သား သိမ်ငယ်စေမဲ့ အပြုအမူ၊ ထိခိုက်စေမဲ့ အပြုအမူဆို ရှောင်ကျဉ်ဖို့လိုပါတယ်။
-မိမိအနေနဲ့ မှားယွင်းခဲ့ပြီဆိုရင်လည်း လျင်လျင်မြန်မြန် တောင်းပန်ဖို့ လိုပါတယ်။
Concreteness(တိကျခိုင်လုံမှုရှိခြင်း)
တိကျခိုင်လုံမှုရှိသော ဆက်သွယ်မှုတစ်ခုဟာ တိတိကျကျ နဲ့ အဓိပ္ပါယ်ရှင်းလင်းသော ဆက်သွယ်မှုဖြစ်ပြီး မရှင်းလင်းသော စကားလုံးများ ၊ ယေဘူယျဆန်သော စကားလုံးများကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။
တိကျမှန်ကန်သော ဆက်သွယ်မှု တစ်ခုဖြစ်ဖို့အတွက်
-အချက်အလက်များကို အသုံးပြုပါ။
-ပြောဆိုပြီးပါက အလုပ်ဖြင့် သက်သေပြပါ။
-ကောင်းမွန်သော စကားလုံးများကိုသာ သုံးပြီး သင့်ရဲ့ပုံရိပ်ကို မြှင့်ပါ။
Recommended for you-သင့်ကို စိတ်အားတက်စေမယ့် ရုပ်ရှင်ဇာတ်ကားများ!
Credit; htetzanlinn