အေဂျင်စီကောင်းတစ်ခုက သုတေသနဌာနမှာ အလုပ်လုပ်ချင်ရင်၊ စာရင်းအင်း (ဝါ) စိတ်ပညာနဲ့ ပတ်သက်တဲ့ဘွဲ့တစ်ခု လိုကောင်းလိုလိမ့်မယ်။ ဆန်းစစ်တွေးခေါ်တတ်တဲ့ စိတ်မျိုးလိုအပ်ပါမယ်။ ဒါ့အပြင် ဖတ်လို့လွယ်ကူတဲ့ ရီပို့ထ်တွေ ရေးနိုင်ရပါမယ်။
Creative တွေနဲ့လည်း နားလည်မှုရှိရှိ အလုပ်လုပ်နိုင်ရပါမယ်။ ဒီလူတွေအများစုက သုတေသနနဲ့ ပတ်သက်လို့ ခေါင်းမာပြီး၊ ဓါတ်မတည့်သူတွေပါ။ ဒါတွေအားလုံးထက် အရေးကြီးတာ အသိညဏ်နဲ့ယှဉ်တဲ့ ရိုးသားမှု ဖြစ်ပါတယ်။ မမှန်ကန်တဲ့ အချက်အလက်တွေကို ရီပို့ထ်ထဲကို ထည့်သွင်းခြင်းဟာ ဆိုးကျိုးများစေနိုင်ပါတယ်။
အောင်မြင်တဲ့ ကြော်ငြာတွေဖန်တီးနိုင်တဲ့အတွက် သုတေသနသမားတွေကို ကျေးဇူးတင်လျက်ပါ။ ဒါပေမယ့် သူတို့နဲ့ပတ်သက်ပြီး အချက် ၉ ချက် မှတ်ချက်ပြုဖို့ရှိပါတယ်။
၁။ ကျွန်တော် ၃ ပတ်နဲ့ ပြီးတဲ့အလုပ်ကို သူတို့က ၃ လကြာပါတယ်။ အိမ်စင်ဟောင်ဝါ သမ္မတဖြစ်ချိန်၊ အိမ်ဖြူတော်က Dr. Gallup ကို ညနေ ၆ နာရီမှာ ဖုန်းဆက်ပါတယ်။ နိုင်ငံခြားရေးမူဝါဒအရေးကြီး ကိစ္စရပ်တစ်ခုမှာ ပြည်သူ့သဘောထား အခြေအနေကို သမ္မတအိမ်စင်ဟောင်ဝါက သိချင်တယ်။ နောက်နေ့မနက် ၈ နာရီမှာ သမ္မတစားပွဲပေါ် ရီပို့ထ်ရောက်ရမယ်။
Dr. Gallup က သူ့ရဲ့ အမာခံ သုတေသနသမား ၆ ယောက်ကိုခေါ်ပြီး မေးခွန်း ၃ ခုကို နှုတ်တိုက်ချပေးလိုက်တယ်။ သူ့လူတွေက နိုင်ငံအနှံအပြားက အင်တာဗျူးမေးမြန်းသူ ၆ ဦးကို ဖုန်းဆက်ပြီး ပြန်သင်ပေးပါတယ်။ အဲ့ဒီ့လူတွေက တစ်ဦးကို ၁၀ ဦးကျစီ ပြန်မေးပေးပါတယ်။ ညလယ်မှာ သူတို့လိုချင်တဲ့အဖြေကို ရပြီ။
Dr. Gallup က အချက်အလက်တွေကို သေချာစီစစ်ပြီး ရီပို့ထ်ကို ကျကျနနရေးပါတယ်။ ပြီးခဲ့အခါ၊ အိမ်ဖြူတော်က လက်နှိပ်စက် စာရေးကို ဖုန်းဆက်၊ သူ့ရီပို့ထ်ကို ဖတ်ပြပြီး လိုက်ကူးစေပါတယ်။ သတ်မှတ်ချိန် မရောက်မှီ ၂ နာရီ အလိုမှာ သမ္မတရဲ့ စားပွဲပေါ် ရီပို့ထ်ရောက်သွားပါတယ်။
ဒါက သမ္မတရုံးနဲ့ပါတ်သက်တဲ့ ဖြစ်တောင့်ဖြစ်ခဲ ဥပမာ မဟုတ်ပါ။ ၁၉၆၈ ခုနှစ် ရော်ဘတ်ကနေဒီ အော်ရီဂွန်မဲဆန္ဒနယ်မှာ မဲရှုံးတုန်းက၊ မဲစာရင်းပိတ်ပြီး ၁၈ နာရီကြာတော့မှ သူ့ရဲ့ကမ်ပိန်း မန်နေဂျာက သုတေသနရီပို့ထ်ကို သူ့ဆီလာပေးပါတယ်။ သူ့ကျဆုံးခြင်းအတွက် အကြောင်းပြချက် ဆန်းစစ်မှုဖြစ်ပြီပေါ့။
Dr. Gallup အတွက် Audience Research Institute ကို ကျွန်တော်ပထမဆုံး စလုပ်ပေးတုန်းက၊ ကျွန်တော့်ရဲ့ စာရင်းအင်းသမားတွေ ရီပို့ထ်ထွက်ဖို့ ၂ လအချိန်ယူကြတယ်။ ၂ ရက်နဲ့ အပြီးလုပ်ဖို့ ကျွန်တော် ဖိအားပေးခဲ့ဖူးတယ်။ ဒါနဲ့ပဲ ဟောလိဝုဒ်က ကျွန်တော်တို့ကို အလုပ်အပ်နှံတဲ့ အမူဆောင်တွေတွက် ပိုမို ကောင်းမွန်တဲ့ ရီပို့ထ်ကောင်းကောင်းတွေ ပေးနိုင်လာတယ်။
ဒါဆိုရင် မေးခွန်းရှင်းရှင်းလေးကို အဖြေထွက်ဖို့ အေဂျင်စီသုတေသနသမားတွေက ဘာဖြစ်လို့အချိန် ၃ လလောက် ယူတာလဲ။ သူတို့က သဘာဝကျကျ လေးဖင့်တဲ့သူတွေဖြစ်ပြီး၊ အမှားအယွင်းလုပ်မိမှာ သေမလောက် ကြောက်နေတတ်ကြပါတယ်။
တီဗွီမှာ အများဆုံး မြင်တွေ့ရတဲ့ ကြော်ငြာ (၁၀) ခုနဲ့ သုံးထားတဲ့ ကြော်ငြာစရိတ်များ
၂။ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီးတော့ အချင်းချင်း သဘောတူညီမှု မရတတ်ကြဘူး။ ဒါက အကြီးဆုံး အေဂျင်စီ ၂၁ ခု က သုတေသနဒါရိုက်တာတွေကို တွန်းအားပေးမှုဖြစ်လာစေပါတယ်။ ကြော်ငြာထိရောက်မှု၁ စံနှုန်း သတ်မှတ်ပေးတဲ့ အခြေခံမူတွေမှာ သဘောတူညီချက်အတိုင်း ၂ နှစ် အတွင်း လုပ်ဆောင်နိုင်ဖို့ပါ။ အခုတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်လို့ စကားစစ်ထိုးဖို့ စလုပ်နေကြပါပြီ။ ၅ နှစ်များကြာဦးမလား။
၃။ အေဂျင်စီလောကမှာ ငတုံးတွေ မြင်ရမှာက သုတေသနဌာနပေါ့။ အတော်များများက ကြော်ငြာလုပ်ငန်းထက်စာရင် လူမှုဗေဒနဲ့ စီးပွားရေးပညာကို ပိုစိတ်ဝင်စားကြတယ်။ သူတို့က ကြော်ငြာလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ဘာသာရပ်ကွက်ကွက်ကလေးကိုပဲအာရုံစိုက်တယ်။
၎။ လုပ်ပြီးသား သုတေသနတွေရဲ့ အချက်အလက်တွေပြန်လည်အသုံးချတဲ့ နည်းစနစ် နည်းနည်းပဲရှိ (ဝါ) ရှိကိုမရှိဘူး။ ရီပို့ထ်တွေကို ဖတ်တယ်။ တစ်ခါတစ်လေသုံးတယ်။ ပြီးတာနဲ့ သိမ်းထားလိုက်တယ်။ ဘယ်ရောက်ကုန်မှန်းမသိဘူး။ ၂ နှစ်လောက်လည်းကြာရော၊ သုတေသနသမား၊ Account Executive တွေ၊ စာစီသမားနဲ့ Brand မန်နေဂျာတွေက စားကျက်အသစ်ကို ရွှေ့ကြတယ်။ အဲ့ဒီ့သုတေသန လုပ်ဖူးတာ မှတ်မိရင်တောင်မှာ ဘယ်သူမှ ပြန်မရှာနိုင်တော့ဘူး။ အဲ့ဒါနဲ့ အစက ပြန်ပြန်လုပ်နေရတယ်။ တစ်နှစ်ပြီး တစ်နှစ်ပဲ။
၅။ ကြော်ငြာလုပ်ငန်းသုတေသနမှာ ရေပန်းစားတဲ့ ပေါ်ပင်နည်းစနစ်တွေက တစ်ပုံကြီး။ ၁၉၆၀ နှစ်တွေတုန်းက၊ Eye Cameras, Latin Squares, Facturals, Randomized Blocks နဲ့ Greco-Latin Squares နည်းစနစ်တွေကို တွေ့ခဲ့တယ်။ တစ်ချို့က လက်ရှိသုံးနေကြတုန်းပေမယ့် တစ်ချို့က ရေပန်းမစားတော့ပြန်ဘူး။
၆။ သုတေသနသမားတွေက ဒီဇိုင်းပြင်ဖို့ လက်ပေါက်ကပ်တဲ့ ဂရပ်ဖ်အရွယ်အစားတွေ ထုတ်တတ်တယ်။ နောက်ပြီး ရီပို့ထ်တွေက သိပ်ရှည်တယ်။ Ralph Glendinning တစ်ယောက် Procter & Gamble မှာ အမှုဆောင်လုပ်နေတုန်းက လက်မတစ်စိပ်ထက်ပိုတဲ့ ရီပို့ထ်တွေကို ဖတ်ဖို့ငြင်းလေ့ရှိတယ်။
၂၀၂၀ မှာ ပြည်တွင်းဘဏ်အချင်းချင်း Mobile Payment စနစ်ကို အပြီးဆောင်ရွက်သွားမယ်
၇။ လုပ်လို့ကိုင်လို့ရတဲ့ ရလာဒ်တွေထွက်နိုင်တယ်ဆိုရင်တောင်၊ သုတေသနသမားတွေက သူတို့ရဲ့ ပြီးပြည့်စုံမှုစံနှုန်းထားနဲ့ မကိုက်ညီတဲ့၊ မပြည့်စုံဖူးလို့ သူတို့ယူဆတဲ့ ပရောဂျက်ကို တာဝန်ယူဖို့ ခါးခါးသီးသီး ငြင်းလေ့ရှိတယ်။ ဝင်စတန်ချာချီက ပြောတယ်။ “ပြီးပြည့်စုံခြင်းဆိုတာ စာလုံးပေါင်းလွဲပေမယ့် အကြောသေရောဂါပါပဲ။”
၈။ သုတေသနသမား ၁၀၀ မှာ ၉၉ ယောက်က သူတို့မေးမြန်းတဲ့ စစ်တမ်းတွေအပေါ်မှာပဲ ကျေနပ်နေတယ်။ တီထွင်ကြံဆတာမျိုး အတော်ရှားပါးတယ်။ သူတို့ကို မေးခွန်းသွားမထုတ်နဲ့၊ ရှေ့ဆက်မရအောင် လုပ်ပြလိမ့်မယ်။
၉။ အဆိုးဆုံးကတော့၊ သုတေသနသမားတွေက ညဏ်ဆင်တဲ့ စကားလုံးအဆန်းအကျယ်တွေ သုံးပြတတ်တာပဲ။ “စိတ်နေသဘောထားအရွေ့များ”၊ “မျှတစီရင်ခြင်းဆန်ဆန်”၊ “ကွဲပြားခြားနားစေမှု”၊ “တဖန်စိတ်ကူးပုံဖော်ခြင်း”၊ “အကောင်းဆုံးမဟုတ်သော”၊ “ခြားနားချက်များ ချိတ်ဆက်မှု”၊ “ကွဲပြားပြန့်ကားခြင်း” ဆိုတာမျိုးတွေပေါ့။ ကောင်းပါပေ့ ညဏ်ကြီးရှင်ရယ်။
ရည်ညွှန်းချက်
၁။ ကြော်ငြာထိရောက်မှု [ Copy testing ဆိုသည်မှာ စားသုံးသူများရဲ့ တုံပြန်မှုများ၊ မှတ်ချက်များ၊ အလေ့အထများအပေါ်အခြေအနေခံ၍ ကြော်ငြာတစ်ခု၏ ထိရောက်မှုကို ဆုံးဖြတ်ပေးသော ဈေးကွက်သုတေသန၏ အထူးပြုနယ်ပယ်တစ်ခုဖြစ်ပါသည်။ Pre-testing ဟုလည်း ခေါ်ဆိုကြပြီး၊ ရုပ်မြင်သံကြား၊ ပရင့်မီဒီယာ၊ ရေဒီယို၊ ပြင်ပဆိုင်းဘုတ်ကြော်ငြာများ၊ အင်တာနက်နှင့် လူမှုကွန်ယက်များအားလုံးကို ဆန်းစစ်နိုင်ပါသည်။ ]
Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory