ဂရပ်ဖစ်ဒီဇိုင်းရေးကြမယ်ဆိုရင် အရင်ဆုံးသိထားရမှာက အရောင်စနစ်အကြောင်းပါ။
အဓိက ကွန်ပြူတာမှာရှိတဲ့ အရောင်စနစ်အကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။ Color နဲ့ ပတ်သက်လို့အရောင်စနစ်မှာ အဓိက(၃)မျိုးကို နားလည်သင့်ပါတယ်။ တခြား Lab Color, HSB တွေနဲ့ပတ်သက်လို့ အသေးစိတ်မသိတောင် အမြဲလိုထိတွေ့နေတဲ့ ပုံနှိပ်လုပ်ငန်းသုံးနဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ တီဗွီ၊ ကွန်ပြူတာ၊ အင်တာနက်မှာသုံးနေတဲ့ CMYK, RGB, Index အရောင် အကြောင်းတော့ သိထားသင့်ပါတယ်။
(၁) CMYK color
ပုံနှိပ်လုပ်ငန်းသုံး၊ ကွန်ပြူတာပရင့်တာတွေ ရိုက်ထုတ်နေတဲ့ အရောင်စနစ်ဟာ CMYK လို့ခေါ်ပါတယ်။ လေးရောင်ပေါင်းစပ်တဲ့ စနစ်လို့ပြောလို့ရပါတယ်။ အရောင်တစ်ခုနဲ့တစ်ခု ပေါင်းစပ်ဖော်ယူတာပါ။ အဝါနဲ့အပြာပေါင်းရင် အစိမ်းရတယ်လေ။ အပြင်မှာ လက်နဲ့ဆေးရေး၊ ဆေးသုတ်တာလဲ ဒီစနစ်ပါပဲ။ အလင်းရောင်က အရောင်ကို၊ အရောင်ရှိတဲ့မျက်နှာပြင်ကို ထိရိုက်ပြီး လူ့မျက်စေ့ကိုလာထိတဲ့အခါ မြင်ရတဲ့အရောင်သဘောတွေဟာ ဒီစနစ်နဲ့ အကြုံးဝင်ပါတယ်။ အပြာကို Cyan လို့ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပြာထဲမှာ အနီလုံးဝမပါပါဘူး။ လူအများမျက်စေ့ထဲမှာ မြင်နေ၊ ပြောနေတဲ့အပြာက မိုးပြာရောင်ပါ။ အဲဒီက အရောင်သီအိုရီအရ အနီပါနေပါတယ်။ အနီကိုလဲ အဝါမပါရတဲ့အတွက် Magenta လို့ခေါ်ပါတယ်။ နောက် အဝါနဲ့အနက်ပါ။ ပရင့်တာမင်အိုးတွေ လေဆာမင်တွေလဲ ဒီ ၄ ရောင်ပဲစပ်ပါတယ်။ တချို့ပရင့်တာ အကောင်းစားတွေက အနီ (၂) မျိုး အပြာ (၂) မျိုး ထပ်ခွဲ ထားတတ်ကြပါတယ်။ အရောင်ကို ပိုကျယ်ကျယ်ပြန့်ပြန့်စပ်ချင်လို့ လုပ်ကြတာပါ။ စက္ကူပေါ်နဲ့အပြင်မှာရေးကြတဲ့ ပန်းချီ၊ ဆိုင်ဘုတ်လုပ်ငန်းတွေဟာ ဒီအရောင်စနစ်ပါ။ အရောင်တွေ အချိုးကျပေါင်းစပ်ရင် အဖြူဖြစ်ပါတယ်။ ဆတူပေါင်းရင် အမည်းရောင်ဖြစ်သွားပါတယ်။
(၂) RGB Color
RGB စနစ်က စက္ကူပေါ်မှာမဟုတ်ပဲ ကွန်ပြူတာ (မော်နီတာ) ပေါ်မှာမြင်ရတဲ့အရောင်၊ တီဗွီမှန်သားပြင်ပေါ်မှာမြင်ရတဲ့ အရောင်၊ စလိုက်ထိုးပြတဲ့ ပြပွဲတွေမှာ သုံးတဲ့အရောင်စနစ်ဟာ RGB ပါ။ ဒီစနစ်မှာ မြင်ရတဲ့အရောင်တွေဟာ (၄) ရောင်စနစ်ကလို အရောင်ကိုအလင်းကထိ နောက်မျက်လုံးကို အလင်းပြန်ရိုက်ခတ်လို့ မြင်ရတာမဟုတ်ပါဘူး။ အလင်းရောင်ကို မီးနဲ့မျက်နှာပြင်တစ်ခုခုပေါ်မှာထိုးပြပြီးမှ မျက်စေ့ကိုရိုက်ခတ်ပြီး ပြန်မြင်ရတာပါ။ ပြောရရင် အဲဒီ RGB အရောင်တွေဟာ သဘာဝမှာ သာမန်မျက်လုံးရှေ့မှာ မမြင်ရတဲ့အရောင်တွေပါ။ သူကအရောင်တွေကို တစ်ရောင်နဲ့တစ်ရောင် ပေါင်းစပ်တာမဟုတ်ပါဘူး။ တစ်ရောင်ရဖို့အတွက် အခြား(၂) ရောင်ကိုသုံးပြီး အချိုးကျနှုတ်ယူရတဲ့ သဘောလို့မှတ်ယူနိုင်ပါတယ်။ အရောင်နှုတ်တယ်ဆိုတဲ့သဘောကို ပြောရရင်ငယ်ငယ်တုန်းက ဆီစိမ်စက္ကူရောင်စုံလေးတွေကို မျက်မှန်လိုလုပ်ပြီးကြည့်ဖူးကြမှာပါ။ အနီရောင်ခံကြည့်တဲ့အခါ။ အနီရောင် အဝတ်ဝတ်ထားသူရဲ့အဝတ်ဟာ ဖြူနေသလို၊ အရောင်မရှိသလို ဖြစ်သွားပါတယ်။ အဲဒါဟာ အနီကိုအနီနဲ့ခံကြည့်တာဟာ မြင်ကွင်းက အနီကိုအနီနဲ့ နှုတ်ကြည့်တဲ့သဘောပါ။ ဒီအရောင်စနစ်မှာအရောင်တွေကို ဆတူပေါင်းရင် အဖြူဖြစ်သွားပါတယ်။ အရောင်အားလုံး ရာခိုင်နှုန်းပြည့် 100% နှုတ်ကြည့်လိုက်တော့ ဘာရောင်မှ မရှိတော့တဲ့သဘောပါ။ ဆန့်ကျင်ဖက် သုံညရာခိုင်နှုန်းထားပြီး နှုတ်ကြည့်မယ် (ဒါက ဘာမှ မနှုတ်တဲ့သဘောပါ) ကြည့်မယ်ဆိုရင် အမည်းဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဘာမှမရှိတဲ့ တီဗွီဟာအမည်းရောင် ဖြစ်နေပါတယ်။ ပုံနှိပ်လုပ်ငန်းအတွက်၊ စက္ကူပေါ်ရိုက်ထုတ်မယ့်ပုံကို အရောင်ချိန်ရင် ပေါင်းစပ်ချိန်ရပေမယ့်၊ တီဗွီ၊ ရုပ်ရှင်လုပ်ငန်း၊ အင်တာနက်၊ စလိုက်ရှိုးအတွက်ဆိုရင် (၃)ရောင်စနစ်နဲ့ အဲဒီအရောင်ကိုဖြစ်စေတဲ့ အဓိက RGB ထဲကအရောင်ကို ချိန်ပေးရပါမယ်။ အဲဒီစနစ် (၂)ခုလုံး ဖိုတိုရော့မှာသုံးလို့ရပါတယ်။
Read More>>> လူငယ်တွေအကြိုက်များကြတဲ့ Adidas YEEZY ဆိုတဲ့ Brand အကြောင်း
(၃) Index Color
ဒီစနစ်က ရှင်းပါတယ်။ လိုချင်တဲ့အရောင်ပဲရှိစေပြီး အပိုတွေကိုဖယ်ထုတ်ထားတာပါ။ ဒါပေမယ့် အရောင်ချုံ့လိုက်တဲ့ အရောင်အရေအတွက်ပေါ်မူတည်ပြီး ရုပ်ပုံအရည်အသွေး ကွာဟသွားတတ်ပါတယ်။ အဝတ်အထည်တွေ ဆေးဆိုးပန်းရိုက်စက်တွေနဲ့ ရိုက်တဲ့အခါမှာ ၁၄ - ၁၅ ရောင်လောက်ပဲ တွက်ချက်ဒီဇိုင်းလုပ်ရပါတယ်။ စက်တွေမှာ ရိုက်ချက်ကို အများဆုံး ၁၄ ရောင်လောက်ပဲ ရိုက်ထုတ်လေ့ရှိပါတယ်။ အရောင်အနုအရင့်လိုချင်ရင် အနုတစ်ရောင်၊ အရင့်တစ်ရာင်(၂)ခါ ရိုက်ရပါတယ်။ ပုံနှိပ်စက်လို Gradient ကို တစ်ရာင်ထဲနဲ့ရိုက်လေ့မရှိပါဘူး။ အင်တာနက်ပုံတွေကို GIF နဲ့လုပ်တဲ့အခါ Index Color လုပ်လေ့ရှိပါတယ်။ ပုံရဲ့လိုတဲ့အရောင်ပဲယူပြီး လျှော့လိုက်တဲ့အတွက် ဖိုင်အရွယ်သေးငယ်သွားပါတယ်။ အထက်ကပုံကို GIF က 156 KB, JPG က 616 KB, PNG က 292 KB တို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ RGB အရောင်စနစ်နဲ့ လုပ်ထားတဲ့ JPG, PNG တို့ကို သုံးလာကြပါတယ်။ အဲဒါက မူလပုံရဲ့အရည်အသွေးအတိုင်းပဲ ရှိနေပါတယ်။
Source; Win Tun