-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို စနစ်တကျထိန်းညှိပေးနိုင်မည့် ဒစ်ဂျစ်တယ်အက်ဥပဒေသစ်နှစ်ရပ်ကို အီးယူ ပြဋ္ဌာန်း

နည်းပညာအင်အားကြီးကုမ္ပဏီများ၏ လည်ပတ်မှုပုံစံနှင့် ဒစ်ဂျစ်တယ်ဈေးကွက်တို့ စနစ်တကျဖြစ်စေရေးအတွက်ဥရောပသမဂ္ဂ (အီးယူ)က ဒစ်ဂျစ်တယ်အက်ဥပဒေသစ် နှစ်ရပ်ကို ထပ်မံပြဋ္ဌာန်းလိုက်ပြီဖြစ်သည်။ပြဋ္ဌာန်းခဲ့သည့်ဥပဒေသစ်နှစ်ရပ်မှာ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ် ဈေးကွက် အက်ဥပဒေတို့ဖြစ်ပြီး ဘရက်ဆစ် အသွင် ကူးပြောင်းရေးကာလအပြီးတွင် စတင် အာဏာသက်ဝင်လာမည်ဖြစ်သည်။ နည်းပညာ ကုမ္ပဏီများ၏ ဆောင်ရွက်မှုများကို ပုံမှန်ထိန်း ကျောင်းပေးနိုင်ရေးအတွက် အဆိုပါ ဥပဒေ နှစ်ရပ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းများအနေဖြင့် ၎င်းတို့၏ ဖော်ပြချက်များအပေါ် တာဝန်ယူမှု ရှိလာစေရေးနှင့် ဒစ်ဂျစ်တယ်လုပ်ငန်းများ ကြားရှိ ယှဉ်ပြိုင်မှုများ စနစ်တကျဖြစ်လာ စေရေးတို့အတွက်ပါ ရည်ရွယ်ထားခြင်းဖြစ် သည်။အဆိုပါ ဥပဒေနှစ်ရပ်အရ နည်းပညာ ကုမ္ပဏီများအနေဖြင့် အဆိပ်အတောက်ဖြစ် စေသည့် အကြောင်းအရာများနှင့် အွန်လိုင်း ဈေးကွက်အတွင်း တရားမဝင် ရောင်းဝယ် ဖောက်ကားနေမှုကိစ္စရပ်များကို မည်သည့် နည်းလမ်းများဖြင့် တားဆီးဆောင်ရွက်နေ သလဲဆိုသည်ကို ဥရောပကော်မရှင်ရုံးသို့ နှစ်စဉ်အစီရင်ခံစာ တင်သွင်းရမည်ဖြစ်သည်။

 

နှစ် ၂၀ ကာလအတွင်း ဖြစ်ပေါ်လာသည့် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ၏ ပြောင်းလဲမှုဖြစ်စဉ်များ အပေါ် သုံးသပ်ရေးဆွဲထားသည့် ဥပဒေများ ဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်လိုက်ဇေးရှင်း ဖြစ်စဉ် စနစ်တကျ ဖြစ်ထွန်းလာရန် ထိန်းညှိ ပေးနိုင်တော့မည်ဖြစ်ကြောင်းကော်မရှင်နာ များဖြစ်သည့် နာမာဂရက်ဗက်စတာဂါနှင့် သီယာရီဘရီတန်တို့က ဆိုသည်။ယခုအစီအစဉ်အရ နည်းပညာကုမ္ပဏီများ အနေဖြင့် အွန်လိုင်းဈေးကွက်အတွင်း ရောင်းချသူများ၏ အချက်အလက်အပြည့်အစုံ၊ ရောင်းချသည့် ပစ္စည်းအမျိုးအစားနှင့် ကုန်ပစ္စည်းတစ်ခုခြင်းအပေါ် အသေးစိတ် ရှင်းလင်းချက်၊ အာမခံချက်စသည်တို့ကိုပါ ဖော်ပြပေးရတော့မည်ဖြစ်သည်။

 

“အွန်လိုင်း ပလက်ဖောင်းကနေ ဈေးရောင်းချမယ့်သူတွေ အနေနဲ့ အချက်အလက်တွေ အပြည့်အစုံကို တင်ပြနိုင်ပါမှ နည်းပညာကုမ္ပဏီတွေက ဈေးရောင်းခွင့်ပြုတဲ့ စနစ်မျိုး ပေါ်ပေါက်လာ မှာဖြစ်တာကြောင့် ပစ္စည်းမမှန်ကန်တာမျိုး၊ ငွေကြေးလိမ်လည်ခံရတာမျိုးတွေ ရှိတော့မှာ မဟုတ်ပါဘူး”ဟု မစ္စတာဘရီတန်က ရှင်းပြ သည်။ယခုဥပဒေများ၏ အဓိကအစိတ်အပိုင်း တစ်ရပ်မှာ ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်တို့လို အင်အား အကြီးဆုံး နည်းပညာကုမ္ပဏီများကို စနစ် တကျ ထိန်းကျောင်းရန်အတွက်ဖြစ်ကြောင်း ယူဆရသည်။

 

“လက်တစ်ဆုပ်စာရှိတဲ့ ကုမ္ပဏီ ကြီးတွေရဲ့ နိုင်ငံရေးအကျိုးစီးပွားနဲ့ စီးပွားရေး မှာ ဗြောင်ကျကျ သိမ်းပိုက်ထားမှုတွေကို ဥရောပဒေသရဲ့ လူထုအနာဂတ်ကာလမှာ ခွင့်ပြုတော့မှာမဟုတ်ပါဘူး” ဟု မာဂရက်ဗက် စတာဂါက ဒီဇင်ဘာ ၁၄ ရက်ထုတ် အိုင်းရစ်ရှ် သတင်းစာသို့ ပြောကြားခဲ့သည်။သို့ရာတွင် နည်းပညာပိုင်းဆိုင်ရာ သုံးသပ် ရေးပညာရှင် အီဗန်စ်က ယခု ဥပဒေနှစ်ရပ်မှာ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို အသေး စိတ်သုံးသပ်ခြင်းမရှိဘဲ ဖော်ဆောင်ထားခြင်း ဖြစ်ကြောင်း ဝေဖန်မှုပြုခဲ့သည်။၎င်းက “ဂူဂဲလ် ကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းမှုပြုကြ ရတဲ့ အူဘားအငှား ယာဉ်မောင်းတွေ၊ အလွတ် တန်းအလုပ် လုပ်ကိုင်သူတွေကိုပါ ဆိုးကျိုးတွေ သက်ရောက်တယ်ဆိုတာ သူတို့ သေချာမစဉ်းစား ထားဘူးလို့ပြောချင်တယ်” ဟု ဝေဖန်ခဲ့သည်။

 

The Mirror Daily 

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)