Stake ဆိုတာ ကံစမ်းတဲ့သဘောဖြစ်ပါတယ်။ Stakeholder ဆိုတာကတော့ အရှုံးအနိုင်မှာ ပါဝင်ပတ်သက်နေတဲ့ ကံတူအကျိုးပေး တွဲဖက်ပါဝင်မှုဆိုပြီး အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။
ကုမ္ပဏီတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် ကုမ္ပဏီကောင်းရင် ဝန်ထမ်းတွေလည်းကောင်းမယ်၊ ကုမ္ပဏီမကောင်းရင် ဝန်ထမ်းတွေလည်းမကောင်းဘူးဆိုတာမျိုးဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်လည်း တိုင်းပြည်ကောင်းရင် ပြည်သူလူထုကောင်းမယ်၊ တိုင်းပြည်မကောင်းရင်တော့ တိုင်းသူပြည်သားတွေလည်း မကောင်းနိုင်ဘူး။ ဒါကြောင့် ဒီသဘောတရားကို စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေကို သွင်းပေးနိုင်ရင် သိပ်အကျိုးရှိပါမယ်။
ကိုယ်ကျိုးထက် အများအကျိုးကို ဖော်ဆောင်
အနှစ်ချုပ်အနေနဲ့ပြောရရင်တော့ သူရောကိုယ်ပါ ပါဝင်နေမှုပါပဲ။ ဒီအသုံးအနှုန်းဝေါဟာရရဲ့ အစသဘောတရားမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့အကျိုးအမြတ်ကိုသာ မကြည့်သင့်ကြောင်း ပြောင်းလဲခဲ့တဲ့အတွေးအခေါ်ဖြစ်ပါတယ်။ စီးပွားရေုးလုပ်ငန်းတွေဟာ ကိုယ်တစ်ဦးတည်းရဲ့ အကျိုးစီးပွားဆိုတာထက် စားသုံးသူတွေ၊ ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားကိုလည်း ကြည့်သင့်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
အခုအခါမှာ ဒီ Stakeholder ဆိုတဲ့စကားအသုံးအနှုန်းဟာ သိပ်ကိုခေတ်စားနေပြီး နေရာတကာမှာ သုံးနှုန်းနေကြပါတယ်။ ကောင်းမွန်မှန်ကန်တဲ့စိတ်ထားကို ဖော်ဆောင်ပြီး ကိုယ်ကျိုးကိုမကြည့်တဲ့သဘောဖြစ်တဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းတွေမှာပါ သုံးနေကြတာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ကျိုးအတွက်သာမက အများအကျိုးကိုလည်း စဉ်းစားတယ်ဆိုတဲ့ ကောင်းမွန်တဲ့သဘောကိုဖော်ဆောင်ချင်ရင် ဒီစကားလုံးကိုသုံးပါတယ်။
ဒီအသုံးအနှုန်းဟာ ၁၉၈၄ ခုနှစ်မှာ R.E.Freeman ရဲ့ Strategic Management: A Stakeholder Approach ဆိုတဲ့စာအုပ်ကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဝေါဟာရရဲ့ အနက်အဓိပ္ပာယ်အရ အကျိုးတူအမြဲမျှတတဲ့သဘောကြောင့် နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်း၊ စီမံခန့်ခွဲမှုစီမံကိန်းတွေကလည်း အဆိုပြုရာမှာ တွင်တွင်ကြီးသုံးလာကြပါတယ်။ ဥပမာ – စီးပွားရေးတစ်ခု ဒါမှမဟုတ် Project တစ်ခုစတင်ရာမှာ ဒီလုပ်ငန်းကြောင့် လုပ်ငန်းလုပ်သူတွေအပြင် ဘယ်သူတွေအတွက်လည်း ကောင်းသွားနိုင်တယ်စသည်ဖြင့် အဆိုပြုကြတာမျိုးပါ။
ဂျပန်စီမံခန့်ခွဲမှုသဘောတစ်ရပ်ဖြစ်တဲ့ Kyosei မှာ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလို့ ညွှန်းဆိုတာနဲ့ သဘောတရားချင်းဆင်တူပါတယ်။
Stakeholders Principle (မူ ၇ ရပ်)
Stakeholders Principle ဆိုပြီး မူ ၇ ရပ်ရှိတာကို အကျဉ်းချုပ်ပြောရရင် –
-
စီမံခန့်ခွဲမှုအဆုံးအဖြတ်တွေပြုလုပ်တဲ့အခါ လုပ်ငန်းမှာပါဝင်ပတ်သက်သူတွေအားလုံးအပေါ် အကျိုးသက်ရောက်မှုကို အလေးထားစောင့်ရှောက်ရပါမယ်။
-
Corporation တစ်ခုမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ ဆက်သွယ်မှုကောင်းဖို့အတွက် နားစွင့်ပြီး သူတို့အပေါ်အကျိုးသက်ရောက်နိုင်မှုတွေကို အလေးထားရပါမယ်။ (ဥပမာ – Project တစ်ခုကို ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဘက်ပေါင်းစုံကနေ စဉ်းစားရပါမယ်။ ပါဝင်ပတ်သက်နေတဲ့သူတွေနဲ့ ဆက်သွယ်မှုကောင်းကောင်းရဖို့လိုပါတယ်။ အခြေအနေမှန်၊ ပြည်သူရဲ့ သဘောထားအမှန်ကို နားစွင့်ရပါမယ်။)
-
မန်နေဂျာတွေအနေနဲ့ လုပ်ငန်းဖြစ်စဉ်တွေ၊ လုပ်ငန်းလုပ်ဆောင်မှုနည်းလမ်းတွေကို ရွေးချယ်တဲ့အခါ ပါဝင်ပတ်သက်သူတစ်ဦးချင်းရဲ့ စွမ်းဆောင်နိုင်မှု၊ အလေးထားမှုနဲ့ ခံစားမှုတို့ကို သတိရှိနေရပါမယ်။ Economic မဟုတ်ပဲ Emotionomic လို့တောင် ပြောနေကြတာဆိုတော့ ကိုယ်လုပ်လိုက်တဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး တစ်ဖက်မှာ ဘယ်လိုခံစားမယ်၊ ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို စဉ်းစားရပါမယ်။
-
အပြန်အလှန်ဆက်စပ်နေတဲ့ လုပ်ကိုင်အားထုတ်မှုတို့ကိုလည်း အသိအမှတ်ပြုရပါမယ်။ ခံစားခွင့်အကျိုးကျေးဇူးကိုပါ လိုက်လျောညီထွေရှိစေရပါမယ်။
-
မန်နေဂျာတွေအနေနဲ့ရော ဌာနဆိုင်ရာ အုပ်ချုပ်သူတွေအနေနဲ့ပါ ပတ်ဝန်းကျင်ကလူတွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ တားဆီးမရတဲ့ ဘေးအန္တရာယ်ကို အနည်းဆုံးဖြစ်ဖို့၊ ဒါမှမဟုတ် လိုအပ်သလို နစ်နာကြေးတွေပေးဖို့ ကြိုးစားအားထုတ်ရပါမယ်။
-
မန်နေဂျာတွေဟာ ကိုယ့်လုပ်ငန်းကြောင့် လူ့အခွင့်အရေးဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ရှောင်ရှားရပါမယ်။
-
မန်နေဂျာတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ အောက်ပါပဋိပက္ခတို့ကို အသိအမှတ်ပြုရပါမယ်။ အဲ့ဒါတွေကတော့
-
ကုမ္ပဏီအနေနဲ့ မိမိရဲ့အခန်းကဏ္ဍပါဝင်မှု
-
ပါဝင်ပတ်သက်သူတွေရဲ့ အကျိုးနဲ့ ဥပဒေအရ၊ စိတ်စေတနာအရ ထားရှိရမယ့်တာဝန်ကိုသိပြီး ပွင့်ပွင့်လင်းလင်းအသိပေးကာ လိုအပ်တဲ့ခံစားခွင့်တွေပေးပြီး လိုအပ်ရင် Third Party Review (ကြားလူရဲ့စိစစ်မှု) ကိုပါ ရယူရပါမယ်။ တာဝန်ယူရပါမယ်။
-
Source; Moe