-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထူးချွန်သောအရောင်းသမားတွေရဲ့ လက္ခဏာရပ်များ

“ထူးချွန်တဲ့ အရောင်းသမားတွေ”ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စီးပွားရေးလောကမှာ ကိုယ့်လုပ်ငန်းရဲ့ အောင်မြင်မှုအတွက် သူတို့က အဓိကနေရာကနေ ပါဝင်နေတယ်ဆိုတာ သိနားလည်ထားကြသူတွေပါ။ သူတို့ဟာ အလုပ်နဲ့ ပတ်သက်ပြီး အမြဲတမ်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားတတ်ကြသူတွေဖြစ်ပါတယ်။ အောက်ဖော်ပြပါ လက္ခဏာရပ်များဟာ အတော်ဆုံး အရောင်းသမား တွေကို အခြားသူတွေထက် ထူးခြားနေစေတဲ့ အချက်တွေ ဖြစ်ပါတယ်။

 

၁။ ကိုယ့်လုပ်ငန်းရဲ့ထုတ်ကုန်အကြောင်းကို ကောင်းစွာသိနားလည်ခြင်း –
ထူးချွန်တဲ့ အရောင်းသမားတစ်ယောက် ဖြစ်လာဖို့ အတွက် အဓိကအကြောင်းရင်းက ကိုယ်ရောင်းတဲ့ ထုတ်ကုန်အကြောင်းကို သေသေချာချာ သိနားလည် ထားဖို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ လုပ်ငန်းထုတ်ကုန်ရဲ့ အဓိကအချက်အလက်တွေ၊ အားသာချက်/အားနည်းချက်တွေ အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သိထားသူတွေ ဖြစ်ကြပါတယ်။ လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်ဆိုတာ အရောင်းတာဝန်ပိုင်းမှာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပေမယ့်၊ ဗဟုသုတ ကြွယ်ဝမှု/ ဝယ်ယူသူတွေမေးသမျှ ဖြေနိုင်စွမ်းရှိမှု တို့နဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့ အရာတစ်ခု ဖြစ်သွား ပါတယ်။

 

၂။ စိတ်အားထက်သန်မှုရှိခြင်း
အရောင်းသမားကောင်းတစ်ယောက်ဆိုတာ ကိုယ့်ရဲ့ဖောက်သည်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပြီးတော့ လက်ရှိဖောက်သည်တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရုံတင်မဟုတ်ပဲ၊ လုပ်ငန်း အောင်မြင်ဖို့ အတွက်နည်းလမ်းတွေကိုလဲ အမြဲရှာဖွေ စူးစမ်းဖို့ စိတ်အားထက်သန်သူတွေပဲဖြစ်ပါတယ်။ သူတို့ဟာ အခက်အခဲတွေ၊ ငြင်းပယ်မှုတွေကြောင့် စိတ်ပျက်အားလျော့ သွားလေ့မရှိပဲ၊ ချမှတ်ထားတဲ့ ပန်းတိုင်ကို တစ်နည်းနည်းနဲ့ရောက်အောင်သွားဖို့ကြိုးစားကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ တစ်သမတ်တည်း လုပ်ဆောင်ဖို့ထက်၊ ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကို စူးစမ်းလေ့လာပြီးဆောင်ရွက်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။

 

၃။ စနစ်တကျ ရှိခြင်း
အရောင်းသမားကောင်းတစ်ယောက်ဟာ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စနစ်တကျ စုစည်းထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့အတွက် ဝယ်ယူသူတွေကို ပိုပြီး စိတ်ကျေနပ်မှုရှိစေပါတယ်။ ဝယ်ယူသူတွေ ကိုယ်တိုင် မှတ်သားထားသင့်တဲ့ အချက်အလက် များကိုပါ မှတ်မိနေတတ်တဲ့အတွက် ဝယ်ယူသူနဲ့ အရောင်းသမားကြားမှာ ပိုပြီး ယုံကြည်မှု တိုးလာစေပါတယ်။

 

၄။ လူမှုရေးရာတွင် ပါးနပ်ကြွယ်ဝမှု
အရောင်းသမားကောင်းတွေဆိုတာ လူမှုရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ပါးနပ်မှု ရှိကြပါ တယ်။ ကိုယ့်အကြောင်းကို ကောင်းကောင်း နားလည်ထားကြပါတယ်။ လုပ်ငန်းရဲ့ပွဲအခမ်း အနားတွေမှာ ကိုယ်ကပြောဆိုရတဲ့ အကြောင်း အရာတွေနဲ့ပတ်သက်ပြီးတော့လည်း ကောင်းမွန်စွာ သိရှိကြပါတယ်။ အသင်းအဖွဲ့နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း ကောင်းကောင်းပါဝင်နိုင်ပြီး၊ လူတစ်ဦးချင်းစီနဲ့ ဆက်ဆံတဲ့အခါမှာလည်း အလုပ်သဘောနဲ့ ပုဂ္ဂိုလ်ရေးရာအရ ပတ်သက်မှုတွေကို ခွဲခြား နားလည်နိုင်စွမ်းရှိကြပါတယ်။

 

၅။ ပင်ကိုစိတ်အားဖြင့် လုပ်ကိုင်လိုစိတ် ပြင်းပြခြင်း
ထူးချွန်တဲ့အရောင်းသမားတွေဟာ ကိုယ်ဘာလုပ် ရမယ်ဆိုတာကို သိရှိပြီး၊ တာဝန်ယူတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလို တာဝန်ယူ တတ်တဲ့သူတွေ ဖြစ်တာကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ဆောင်ရမယ့်ကိစ္စတွေမှာ သူတို့ကို တာဝန်ပေးဖို့ အထက်လူကြီးတွေအတွက် ပိုပြီး လွယ်ကူစေပါတယ်။ လိုအပ်ချက်ရှိနေသေးတဲ့အရောင်းသမားတွေကတော့ ကိုယ်တိုင်လက်တွေ့လုပ်ဆောင် ပြီး အတွေ့အကြုံယူရမယ့်အစား သူတို့အထက်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကိုပဲ အားကိုးနေလေ့ရှိပါတယ်။

 

၆။ ကြိုးစားအားထုတ်မှု
ထူးချွန်တဲ့အရောင်းသမားတွေဟာ သူတို့ရဲ့တာဝန်က ရောင်းလိုက်တဲ့အခါမှာ ပြီးသွားပြီလို့ ဘယ်တော့မှမယူဆကြပါဘူး။ ဝယ်ယူသူတွေက သူတို့ရဲ့ ဝန်ဆောင်မှုတွေကိုသုံးနေသမျှ သူတို့ရဲ့ အရောင်းတာဝန်ဟာဆက်လက်ရှိနေမယ်လို့ ယူဆကြပါတယ်။ သူတို့ဟာ ဖောက်သည်တွေရဲ့ အခက်အခဲ တွေကို တတ်နိုင်သလောက်မြန်မြန်ဆန်ဆန်ဖြေရှင်း ပေးတတ်ကြတဲ့သူတွေဖြစ်ပြီးတော့၊ လိုအပ်သလို လုပ်ငန်းအတွင်း မှာလည်း အခြားသူတွေရဲ့ ကူညီမှုကို ရယူဆောင်ရွက် တတ်သူတွေပဲဖြစ်ပါတယ်။အရောင်းသမားကောင်းတစ်ယောက်ဟာ သူရောင်းချနေတဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်မှု ရှိတဲ့အတွက် လုပ်ငန်းအတွက်အကျိုးရှိစေရုံသာမက၊ သူကိုယ်တိုင်လဲ အလုပ်လုပ်ရာမှာ စိတ်ဖိစီးမှုတွေကို ထိန်းသိမ်းနိုင်စွမ်းရှိစေပါတယ်။

 

၇။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း
လုပ်ငန်းနဲ့ပတ်သတ်တဲ့သူတွေအားလုံးနဲ့ ကောင်းမွန်ပြေပြစ်တဲ့ ဆက်ဆံရေးရှိနေအောင်ကြိုးစားနိုင်ခြင်းဆိုတာက အရောင်းပညာရပ်အတွက်အရေးအကြီးဆုံး အရည်အချင်း တစ်ခုပဲဖြစ်ပါတယ်။ ထူးချွန်တဲ့ အရောင်းသမား တွေဟာ အလားအလာရှိတဲ့ ဝယ်ယူသူတွေနဲ့ ဆက်ဆံရာမှာ ဘယ်အချိန်မှာ ဘယ်လို အကြောင်းအရာတွေကို ပြောသင့်ပြီး၊ ဘယ်အချိန်မှာ နားထောင်သင့်တယ် ဆိုတာတွေကို ဆုံးဖြတ်နိုင်ကြပါတယ်။ အလားအလာရှိတဲ့ ဝယ်ယူသူတွေနဲ့ ယုံကြည်ရတဲ့ ဆက်ဆံရေး တစ်ခုတည်ဆောက်နိုင်ဖို့အတွက် ဘယ်လိုပြောဆိုရမလဲဆိုတာတွေကို ကောင်းကောင်းသိနားလည်ထားသူတွေဖြစ်ကြပါတယ်။

 

၈။ အချိန်ကို လေးစားခြင်း
အရောင်းသမားကောင်းတွေဟာ ဝယ်ယူသူတွေနဲ့ပဲဖြစ်ဖြစ်၊ အခြားအလုပ်သဘောအရပတ်သတ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံဖို့ ချိန်းဆိုတဲ့အခါတွေမှာ အမြဲတမ်း အချိန်ကိုလေးစားပြီး ပြင်ဆင်ထားတတ်ကြပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့ကုမ္ပဏီကို ကိုယ်စားပြုနေတဲ့ သူတွေဖြစ်နေကြောင်း အမြဲသတိပြု ပြီးတော့၊ ဂရုတစိုက်လုပ်ဆောင်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ နေ့စဉ်အလုပ်ကိစ္စတွေမှာလဲ အချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်တဲ့သူတွေဖြစ်လေ့ရှိကြပါတယ်။

 

၉။ အလုပ်နှင့် ဘ၀ မျှတမှု
အရောင်းသမားကောင်းတစ်ယောက်ဟာ အလုပ် နဲ့ ဘဝ မျှတစွာနေထိုင်ဖို့အတွက်လည်းစဉ်းစားတတ်သူတွေဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူတို့ မိသားစုတွေနဲ့အတူ အချိန်ကုန်ဆုံးဖို့အတွက် ခွင့်ရက်ရှည်ယူပြီး အတူခရီးထွက်တာမျိုးတွေ လုပ်လေ့ရှိကြပါတယ်။ လွတ်လပ်စွာအနားယူခြင်းက သူတို့ဘဝအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပြီး၊လုပ်ငန်း ဆောင်တာတွေမှာ ပိုပြီးကောင်းမွန်အောင် စွမ်းဆောင်နိုင်ဖို့အတွက်လည်းအထောက် အပံ့ဖြစ်စေနိုင်တယ်လို့ယုံကြည်ကြပါတယ်။

 

အရောင်းသမားတွေ လုပ်ရတဲ့ အလုပ်တွေက အမြဲပျော်စရာကောင်းနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လဲ အတော်ဆုံး အရောင်းသမားတွေအတွက်တော့ အရောင်းအဝယ်တိုင်းဟာ ထိုက်တန်တဲ့ စိန်ခေါ်မှုတွေပါပဲ။

 

Source From Aung Myin 

Read times
Rate this item
(1 Vote)