-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာအဆင့်ဆင့်ပြောင်းလဲလာပုံ

ကြော်ငြာဟာ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဘယ်လိုမျိုးပြောင်းလဲလာခဲ့သလဲ။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာမှာတော့ လူတွေဟာ သူတို့ရဲ့အချိန်တွေကို အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အစားအသောက်၊ နေစရာနဲ့ အဝတ်အစားတွေအတွက်သာ အဓိကအသုံးချကြပါတယ်။

သူတို့ဆီမှာ လယ်သမား၊ လက်မှုပညာသည်တို့ လိုအလုပ်တွေက အဓိကဖြစ်ပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ကျဉ်းကျဉ်းလေးသာရှိပါသေးတယ်။ ဖြန့်ချီရောင်းချရေးဆိုတာ ကုန်သည်တွေသွားနိုင်တဲ့အထိပဲရောက်သလို ကြော်ငြာဆိုတာ ကျယ်ကျယ်အော်နိုင်သလောက်ထိပဲ ကြားကြရပါတယ်။ ထုတ်ကုန်တွေကလည်း အများကြီးမထုတ်လုပ်ကြသေးလို့ ကြော်ငြာအနေနဲ့ အများကြီးရောင်းရဖို့ အားထုတ်စရာမလိုလှပါဘူး။

 

ဒါပေမယ့်လည်း လက်တစ်ဆုပ်စာ ရှေးဟောင်းအဆင့်တန်းမြင့် ယဉ်ကျေးမှုတွေထဲမှာတော့ 3000 BC လောက်က ဘေဘီလုံမြို့သားတွေက သူတို့ရဲ့ကုန်စည်တွေရောင်းချနိုင်ဖို့ စီးပွားဖြစ်ကြော်ငြာစာသားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးခဲ့ကြတယ်လို့ သမိုင်းပညာရှင်တွေက ဆိုပါတယ်။ ဒီမတိုင်ခင်ကတော့ ဘာသာရေးနဲ့ ဘုရင့်အမိန့်ပြန်တမ်းစာတွေကသာ ကြော်ငြာအမျိုးအစားထဲမှာ ရှိခဲ့ပါတယ်။

 

အစောပိုင်းကာလကြော်ငြာများ

-----------------------------------

 

စိုက်ပျိုးရေးလုပ်ငန်းကြီးထွားလာတာနဲ့အမျှ အစားအသောက်အတွက် ပူပန်စရာမလိုတော့တဲ့ လူသားတွေဟာ လွန်ခဲ့တဲ့နှစ်ငါးထောင်လောက်ကစပြီး ကုန်သွယ်ရေးလုပ်ငန်းတွေကိုစတင်လုပ်ကိုင်လာကြပါတယ်။ Civilization အဆင့်အတန်းတစ်ခုနဲ့ အတူ စနစ်ကျတဲ့လူ့အဖွဲ့အစည်းအတွက်လည်း ကြိုးပမ်းလာကြပါတယ်။ ဥရောပ၊ အာရှနဲ့ တောင်အမေရိကတိုက်တို့မှာတော့ မြို့တွေရယ်လို့ တဖြည်းဖြည်းနဲ့ တည်ထောင်လာကြပြီး ကုန်သွယ်မှုအဆင့်အတန်းတွေလည်း မြင့်လာသလို ဈေးကွက်တွေလဲ စတင်ဖြစ်တည်လာခဲ့ပါတယ်။

 

စက်မှုကာလခေတ်ဦးပိုင်းမှာတော့ အပြောင်းအလဲတွေက ပိုမိုပီပြင်လာပါတယ်။ တရုတ်လူမျိုးတွေက စက္ကူကိုတီထွင်နိုင်ခဲ့ပြီး ဥရောပမှာတော့ စက္ကူစက်တွေက ၁၂၇၅ မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ၁၄၃၉ ခုနှစ်မှာတော့ Johannes Gutenberg က စက္ကူပုံနှိပ်စက်ကို ဂျာမနီမှာ တီထွင်နိုင်ခဲ့ပါတယ်။ ဒီလိုပုံနှိပ်စာတွေက ကြော်ငြာသမိုင်းမှာ အရေးပါဆုံးတိုးတက်မှုတင်မဟုတ်ပဲ လူတွေရဲ့ အမြင်နဲ့ အလုပ်လုပ်ပုံတွေကိုလည်း ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

 

ပုံနှိပ်စက်ရဲ့ ပွဲဦးထွက်အလုပ်တွေကတော့ အရင်လို မောင်းတီးကြေငြာစရာတွေ၊ တဆင့်စကားတဆင့်နားတွေ မလိုတော့ပဲ စာနဲ့ပေနဲ့ အသေအချာမှတ်တမ်းတင်ပေးထားတာမို့ လူတွေအနေနဲ့ မှတ်ရပြုရတာ သက်သာသွားသလို အမှားတွေလည်းလျော့နည်းသွားပါတယ်။ စာအများကြီးရေးဖို့ ဘုန်းကြီးတွေ ပညာတော်တွေ အများကြီးခေါ်စရာမလိုတော့ပဲ ပိုပြီးလည်းအလုပ်ဖြစ်လာပါတယ်။ တချို့ညဏ်ကွန့်တဲ့ ကုန်သည်တွေကတော့ ပုံနှိပ်စက်ကိုဝယ် အနယ်နယ်အရပ်ရပ်ကိုသွားပြီး ပုံနှိပ်စာတွေတောင် ရောင်းချကြပါတယ်။

 

ဒီပုံနှိပ်စက်ကိုတီထွင်နိုင်ခဲ့ခြင်းက နောင်တချိန်မှာ Poster တွေ၊ လက်ကမ်းစာစောင်တွေ ပေါ်ပေါက်လာဖို့ အလင်းရောင်ဖြစ်ပါတယ်။ ပုံနှိပ်စက်ပေါ်ပြီး မရှေးမနှောင်းမှာပဲ ကြော်ငြာတွေအတွက် ပထမဆုံး Medium ကအဲ့အပေါ်အခြေပြုပြီး စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကတော့ ပုံနှိပ်သတင်းစာပါပဲ။ ဒီအချိန်ထိလည်းကြော်ငြာတွေက သတင်းစာပေါ်မရောက်သေးပါဘူး။၁၄၇၂ ခုနှစ်မှာတော့ English ဘာသာစကားကို အသုံးပြုထားတဲ့ ပထမဆုံးကြော်ငြာပေါ်ပေါက်လာပါတယ်။

 

ဒါကတော့ London ရဲ့ Church ကျောင်းက တံခါးတွေမှာလိုက်ကပ်ထားတဲ့ လက်ကမ်းစာစောင်တွေ ဖြစ်ပါတယ်။ အကြောင်းအရာက ဝတ်ပြုစာအုပ်အတွက် အရောင်းကြေငြာတာ ဖြစ်ပါတယ်။ ဒါကကမ္ဘာပေါ်မှာ ပထမဆုံးကြော်ငြာ အင်္ဂါရပ်အစုံအလင်ပါဝင်တဲ့ ကြော်ငြာစစ်ဖြစ်ပါတယ်။ နောက်ထပ်နှစ်ပေါင်း နှစ်ရာအကြာမှာတော့ သတင်းစာထဲမှာ ကြော်ငြာဟာ ပထမဆုံးပါဝင်လာခဲ့ပါတယ်။

 

အကြောင်းအရာကတော့ ခိုးခံလိုက်ရတဲ့ မြင်း ၁၂ ကောင်ကိုပြန်အပ်နိုင်တဲ့သူရှိရင် ဆုငွေချီးမြှင့်မယ်ဆိုတာပါပဲ။ တဖြည်းဖြည်းနဲ့ ကော်ဖီဆိုင်တွေ၊ ချောကလက်တွေ၊ လက်ဖက်ရည်တွေ၊ အိမ်ခြံမြေ၊ ဆေးဝါးနဲ့ တစ်ကိုယ်ရေ ကြော်ငြာတွေ ပါဝင်လာပါတယ်။ အဲ့အချိန်ထိလည်း ကြော်ငြာဟာ သတင်းစာကို Medium စစ်စစ်အနေနဲ့ မသုံးနိုင်သေးပါဘူး။ လူတန်းစေ့ သတင်းစာဝယ်ဖတ်ရကောင်းမှန်း မသိကြသေးတဲ့အချိန်ဖြစ်ပါတယ်။

 

၁၇၀၀ နှစ်ဦးပိုင်းမှာတော့ ကမ္ဘာ့လူဦးရေက သန်း၆၀၀ လောက်ရှိလာပါတယ်။ တချိန်တည်းမှာပဲ မြို့ကြီးတွေမှာ ကြော်ငြာကို လူအများကြီးဆီကြော်ငြာနိုင်မယ့် အင်အားရှိလာပါတယ်။ အင်္ဂလိပ်အထင်ကရ စာပေပညာရှင် Samuel Johnson က ၁၇၅၈ ခုနှစ်မှာ ‘ကြော်ငြာတွေဟာ လူရဲ့အာရုံကို ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိရမယ်’ ‘ကြော်ငြာတွေဟာ ကတိကဝတ်တစ်ခု ဒါမှမဟုတ် အချက်အလက်တွေကို ပေးစွမ်းနိုင်ရမယ်’ လို့မှတ်ချက်ချခဲ့ပါတယ်။ ဒါက ကြော်ငြာကိုနောက်တစ်ကွေ့ဆီပို့လိုက်တာဖြစ်ပါတယ်။ ကြော်ငြာတွေက ကြော်ငြာတွေရယ်လို ပိုပြီးပီပြင်လာပါပြီ။

 

၁၇၀၄ ခုနှစ်မှာတော့ ကြော်ငြာအနုပညာရဲ့ ဖခင်ဖြစ်တဲ့ Benjamin Franklin က ကြော်ငြာကို Headlines အကြီးကြီးတွေနဲ့ ရေးပြီး မြင်သာစေတဲ့နည်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။ သူဟာ ကြော်ငြာမှာ သရုပ်ဖော်ပန်းချီပုံဆွဲခြင်းကို စတင်ခဲ့တဲ့ ပထမဆုံး အမေရိကန်လူမျိုးလည်းဖြစ်ပါတယ်။

 

၁၇၀၀ နှစ်အလယ်မှာတော့ စက်မှုတော်လှန်ရေးက အင်္ဂလန်မှာစတင်ခဲ့ပြီဖြစ်ပါတယ်။ ၁၈၀၀ နှစ်အစောပိုင်းမှာတော့ ဒါက မြောက်အမေရိကထိရောက်လာပြီး စက်ပစ္စည်းတွေက တိရိစ္ဆာန်တွေနေရာမှာ အစားထိုးအလုပ်လုပ်လာကြပါတယ်။ စက်ပစ္စည်းတွေကြောင့် တူညီတဲ့အရည်အသွေးရှိ ထုတ်ကုန်တွေအများကြီး ကိုထုတ်လုပ်လာနိုင်ပါတယ်။

 

ဒါကြောင့်လူတွေအတွက် တစ်နေ့ဝမ်းစာရယ်လို့ ကာယနဲ့ရုန်းကန်ရတဲ့ အလုပ်တွေက နည်းပါးသွားပါတယ်။ အဲ့အစားလူအများအပြားက လယ်ကွင်းတွေကို စွန့်ခွာနိုင်လာပြီး မြို့မှာ အလုပ်လုပ်ကိုင်နိုင်လာကြသလို ဈေးကွက်ကလည်းအားကောင်းလာပါတော့တယ်။ ဒါတွေဟာ ခေတ်ဦးပိုင်းကြော်ငြာအတွက် ပိုမိုအရေးပါတဲ့ကမ္ဘာကြီးပေါ်ကဇာတ်ဝင်ခန်းတွေမှာ သရုပ်ဆောင်ရတော့မယ့် အနာဂတ်က လက္ခဏာတွေပါပဲ။

 

ကြော်ငြာလောကပီပြင်လာပုံ

---------------------------------

 

စက်မှုခေတ်ဟာ ၁၉ ရာစုအလယ်လောက်ကစပြီး အနောက်နိုင်ငံအများစုမှာ တွင်တွင်ကျယ်ကျယ် ရှိလာပါတော့တယ်။ ရှေ့ပိုင်းမှာ ပြောခဲ့သလို ကြော်ငြာတွေဟာ ၁၇ ရာစုရှေ့ပိုင်းကတည်းက စခဲ့ကြပေမယ့် ဈေးကွက်အခင်းအကျင်း မပီပြင်သေးတဲ့အတွက် လောက်လောက်လားလားရယ်တော့ မရှိသေးပါဘူး။

 

၁၈၀၀ ခုနှစ် အလယ်လောက်မှာတော့ ကမ္ဘာ့လူဦးရေဟာ ၁.၂ မီလီယံအထိ တိုးမြင့်လာပါတယ်။ ဒါကြောင့်ပဲ ထုတ်လုပ်သူတွေဟာလည်း လူအများစုအတွက် ထုတ်ကုန်အရေအတွက်ကို မြှင့်တင်လာကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ ရထားလမ်းတွေ ရေနွေးငွေ့နည်းပညာတွေ ပေါ်ပေါက်လာတာက ထုတ်ကုန်ဖြန့်ချီရေးကို ကုန်းလမ်းကနေ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ဖို့ဖြစ်လာစေပါတယ်။ ဒါကြောင့်ပဲ ဈေးကွက်ဟာ ပီပီပြင်ပြင် ကြီးထွားလာပါတယ်။

 

ကြီးထွားလာတဲ့ဈေးကွက်နဲ့အမျှ ကြော်ငြာတွေကလည်း လိုအပ်လာပါတယ်။ ဈေးကွက်ဖော်ဆောင်ရေးကို အရင်ကအချက်အလက်ဖော်ပြရုံလောက်နဲ့ပြီးတဲ့ Wholesalers တွေရဲ့ ပုခုံးပေါ်ကိုရောက်ရှိလာပါတယ်။ ဘယ်လိုအချက်အလက်လဲဆိုတော့ ဂျာနယ်တွေမှာ Retailers တွေအတွက် ဖော်ပြတဲ့ Shipping schedule တွေ ဈေးနှုန်းတွေလောက်သာဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ ကြော်ငြာအလုပ်အကိုင်ဟာ Volney B.Palmer ဆိုသူက Philadelphia မြို့မှာ စီးပွားရေးလုပ်ငန်းတစ်ခုကိုစလုပ်တာနဲ့ စတင်ပါတယ်။ Palmer ရဲ့စီးပွားရေးလုပ်ငန်းဟာ သတင်းစာတွေထဲ ကြော်ငြာတွေလိုက်လံထည့်ပေးတာ၊ ဘယ်ကြော်ငြာ slot ကဈေးဘယ်လောက်၊ ဘယ်မှာတော့ဖြင့်ထည့်သင့်တယ် စသဖြင့် ကြော်ငြာ slot တွေ ဝယ်ယူရောင်းချသူသာဖြစ်ပါတယ်။

 

ကြော်ငြာတွေကိုတော့ ကြော်ငြာမယ့်သူကိုယ်တိုင် ပြင်ဆင်ရပါတယ်။ ၁၈၆၉ ခုနှစ်မှာတော့ Francis Ayer ဟာ Philadelphia မှာပဲ ကမ္ဘာ့ပထမဆုံး ကြော်ငြာအေဂျင်စီကို သူ့အဖေနာမည်အစွဲပြုပြီး N. W. Ayer & Sons အမည်နဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူတာတွေ၊ ကြော်ငြာလိုအပ်ချက်တွေကို အမှတ်တံဆိပ်တွေအတွက် ဆောင်ရွက်ပေးပါတယ်။ အဖိုးအခ အနေနဲ့ “Net cost of space” ကို ယူပါတယ်။

 

Ayer ဟာ ယနေ့ခေတ် အေဂျင်စီတွေလိုပဲ planning, creating, executing တွေကနေ ကြော်ငြာ Campaign တစ်ခုပြီးတဲ့အထိ အလုပ်လုပ်ပေးပါတယ်။ ၁၈၉၂ ခုနှစ်မှာတော့ Ayer ဟာ ကြော်ငြာစာရေးတဲ့ဌာန copy department ကို ထားရှိခဲ့ပြီး ရုံးချိန်ပြည့် copywriter တွေကို ခန့်အပ်ခဲ့ပါတယ်။

 

ကြေးနန်းတွေ၊ တယ်လီဖုန်းတွေ၊ စာရိုက်သူတွေ၊ အသံချဲ့စက်တွေကစလို့ ရုပ်ရှင်တွေပေါ်လာခြင်းအထိ အားလုံးဟာ ကျွန်တော်တို့အတွက် ဆက်သွယ်ရေးအခွင့်အလမ်းတွေကို တွင်ကျယ်စေခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးကအင်အားကြီးမားလာတာနဲ့အမျှ တစ်နိုင်ငံလုံးကို ပြေးဆွဲနိုင်စေမယ့်ရထားလမ်းအသစ်ကို ဖောက်လုပ်ခဲ့ပါတယ်။

 

၁၈၉၆ မှာတော့ အစိုးရက မြို့တွင်းအခမဲ့စာပို့စနစ်ကို စတင်ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ တိုက်ရိုက်စာပို့ကြော်ငြာတွေဟာ တွင်ကျယ်လာပါတယ်။ ထုတ်လုပ်သူတွေအတွက်တော့ အခုလိုကြော်ငြာအခွင့်အလမ်းများပြားလာတဲ့အတွက် သူတို့ရဲ့ထုတ်ကုန်နဲ့ပတ်သက်လို့ စားသုံးသူတွေဝယ်ယူအားပေးဖို့အတွက် နည်းလမ်းသစ်တွေတွေ့ရှိလာခဲ့ပါတယ်။

 

ပြည်သူပိုင်ကျောင်းတွေဖွင့်လိုက်တဲ့အတွက် နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းဟာ စာရေးတတ်၊ ဖတ်တတ်သူများ ဖြစ်လာကြပါတယ်။ ဒါဟာလည်း ထုတ်လုပ်သူတွေအတွက် သူတို့ရဲ့ ပုံနှိပ်ကြော်ငြာတွေကို ပိုမိုများပြားတဲ့လူထုဆီကြော်ငြာနိုင်စေခဲ့ပါတယ်။ အမေရိကန်ဟာ ဒါကြောင့်ပဲ ၂၀ ရာစုထဲက အောင်မြင်တဲ့ ကြော်ငြာအခြေပြု ဈေးကွက်ဖော်ဆောင်ရေးစနစ်နဲ့အတူ ဂုဏ်ယူဝင့်ကြွားစွာဝင်လာခဲ့ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာတော့ ကြော်ငြာတွေဟာ ခေတ်ကြော်ငြာတွေအဖြစ် တဖြည်းဖြည်း ရင့်သန်လို့လာပါတယ်။

 

၁၉ရာစုတုန်းကတော့ wholesalers တွေဟာ ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းစဉ်အစအဆုံးကို ထိန်းချုပ်ထားခဲ့ကြတာဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ သူတို့ဟာ ထုတ်လုပ်သူတွေရဲ့ အမှတ်တံဆိပ်မပါဝင်တဲ့ ဆင်တူနီးပါးပစ္စည်းတွေကိုသာ အများဆုံး ရောင်းချပေးရလို့ဖြစ်ပါတယ်။

 

ဈေးကွက်ပီပြင်လာတဲ့အချိန်ကျတော့ wholesalers တွေက အမှတ်တံဆိပ်အများကြီးကို မကြော်ငြာပေးနိုင်တာကြောင့် ထုတ်လုပ်သူအများကြီးနဲ့မဟုတ်တော့ပဲ အတော်များများက wholesaler တစ်ဦး အမှတ်တံဆိပ်တစ်ခုဆိုတဲ့မူမျိုးကို ပြောင်းလဲလိုက်ကြပါတယ်။ ဒါဟာ ထုတ်လုပ်သူတွေအတွက် အကျပ်ရိုက်စေတဲ့ ကိစ္စဖြစ်လို့ သူတို့ကလည်း wholesaler တွေကိုပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းရှာဖွေကြပါတော့တယ်။

 

ဒါကြောင့်သူတို့ဟာ ထုတ်လုပ်မှုအသားပေးကနေ ဈေးကွက်ဖော်ဆောင်မှုအသားပေး အဖြစ်ပြောင်းလဲလိုက်ပြီး သူတို့ရဲ့ထုတ်ကုန်အတွက် သူတို့ကိုယ်တိုင်ပဲ ဈေးကွက်ကိုဖော်ဆောင်လိုက်ပါတယ်။ ဒါကြောင့်အမှတ်တံဆိပ်တွေဟာ ကွဲကွဲပြားပြားရှိလာကြသလို ကြော်ငြာလောကကလည်းမြိုင်ဆိုင်လာခဲ့ပါတယ်။

 

၁၉၂၀ မှာတော့ အရောင်းသမားခေတ်ဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရေဒီယိုဟာလည်း ပေါ်ပေါက်လာခဲ့ပြီး ခဏတွင်းမှာပဲ ကြော်ငြာကြားခံတစ်ခု ဖြစ်သွားခဲ့ပါတယ်။ တစ်နိုင်ငံလုံးကသတင်းတွေ၊ တစ်ကမ္ဘာလုံးကသတင်းတွေကို နားထောင်နိုင်ပြီဖြစ်ပြီးတော့ မိသားစုအပန်းဖြေနိုင်မယ့် သီချင်းတွေ၊ ဒရာမာဇာတ်လမ်းတွေနဲ့ အားကစားတွေကိုလည်း ခံစားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းကြော်ငြာတွေဟာ တစ်ခဏချင်းမှာပဲ တစ်နိုင်ငံလုံးအနှံ့ကို လွှင့်လာနိုင်ပါတယ်။

 

အောက်တိုဘာ ၂၉ရက်နေ့၊ ၁၉၂၉ မှာတော့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကြောင့် ဈေးကွက်ဟာ ကမောက်ကမဖြစ်ခဲ့ရပါတယ်။ ကြော်ငြာအတွက် ကုန်ကျစရိတ်တွေဟာလည်း အများကြီးလျှော့ချခံလိုက်ရပါတယ်။ ရောင်းမထွက်ခြင်းကော၊ အဖွဲ့အစည်းတွင်း ငွေကြေးဖြတ်တောက်လျှော့ချခြင်းတွေကြောင့်ရော ကြော်ငြာလောကရဲ့ တိုးတက်မှုက သူ့ရဲ့သက်ရောက်မှုကို ပိုပြီး မြှင့်တင်ဖို့လိုလာပါတယ်။ သဘောက အရင်ကရေဒီယိုမှာ တစ်နိုင်ငံလုံးအတွက် အချိန်တိုင်း လွှင့်ချင်လွှင့်တယ်။ ကြော်ငြာစာတွေနေရာတိုင်း ကပ်ချင်ကပ်တယ်။

 

ဒီလိုပိုက်ဆံကို ရေလိုသုံးမရတော့တဲ့ အတွက် တကယ်ရောင်းထွက်နိုင်မယ့် လူတန်းစားကိုကြော်ငြာဖို့ ဦးတည်လာခြင်းဖြစ်ပါတယ်။ ဒါဟာဈေးကွက်သုတေသနရဲ့အစဖြစ်ပါတယ်။ Daniel Starch၊ A. C. Nielsen နဲ့ George Gallup တို့ကနေစပြီးတော့ သုတေသနအဖွဲ့တွေဖွဲ့ပြီး ဈေးကွက်တွင်း စားသုံးသူတွေရဲ့ အပြုအမူနဲ့ သဘောသဘာဝတွေကို ခရေစေ့တွင်းကျလေ့လာကြပါတော့တယ်။ ဒီလိုဈေးကွက်သုတေသနရဲ့ အကျိုးကျေးဇူးနဲ့ ကြော်ငြာတွေဟာ ပိုမိုထက်မြက်လာ၊ ပိုမိုပါးနပ်လာပြီး ရောင်းအားကလည်း အရင်ကထက် ကောင်းမွန်လာခဲ့ပါတော့တယ်။

 

ဒီလိုပီပြင်လာတဲ့ကြော်ငြာလောကဟာ ကမ္ဘာ့စီးပွားပျက်ကပ်အပြီး ဒုတိယကမ္ဘာစစ်နဲ့မျက်နှာချင်းဆိုင်တဲ့အခါ တန်းပြည့်ကြော်ငြာများအနေနဲ့ အရာရာကိုရင်ဆိုင်နိုင်မယ့် အားမာန်ကိုပိုင်ဆိုင်ထားတဲ့ လူသားတစ်ယောက်လို အဆင်သင့်ဖြစ်နေပါပြီ။

 

Contemporary advertising စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။

 

‌Bingo 

Read times
Rate this item
(1 Vote)