-->
×

Warning

JUser: :_load: Unable to load user with ID: 29


တရုတ် တန်ဖိုးကြီး ရေမွှေး To Summer ရဲ့ မာကက်တင်း

တရုတ် တန်ဖိုးကြီး ရေမွှေး To Summer ရဲ့ မာကက်တင်း

To Summer ၊ Scentooze နှင့် Scent Libraryရေမွှေးအမည်အမှတ်တံဆိပ်တွေက တရုတ်လူနေမှုပုံစံမှာ အံဝင်အောင် လုပ်ထားပြီး တန်ဖိုးကြီးရနံ့များကို ရောင်းချနေကြတယ်။


To Summer မှ ထုတ်လုပ်တဲ့ ရနံ့လိုင်း အားလုံးနီးပါး အွန်လိုင်းမှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းတယ်။ ကလေးဘဝအမှတ်တရများ ပြန်သတိရပြီး တမ်းတတဲ့စိတ်ခံစားမှုများကို ဖြစ်ပေါ်စေတဲ့ ပင်လုံးကြိုင်ပန်းရနံ့၊ သစ်ကတိုးသားရနံ့ တို့ကို သုံးစွဲထားတယ်။

ဝယ်သူများကို သဘောကျစေတဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ရနံ့များကို တရုတ်နိုင်ငံတွင် ဖန်တီးပြီး တရုတ်နိုင်ငံမှာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး တရုတ်ပြည်တွင်း brand နဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။
ချမ်းသာကြွယ်ဝပြီး ပြည်တွင်းဖြစ် အကောင်းစားပစ္စည်းတွေကို ဦးစားပေးရွေးချယ်ဝယ်ယူကြတဲ့ လူငယ်လူလတ်တို့နဲ့ အံဝင်ခွင်ကျ ဖြစ်နေစေတယ်။

ပင်လုံးကြိုင်ပန်းရနံ့ ရေမွှေးလိုင်း ဖြစ်တဲ့ Summer Palace Osmanthus က အရောင်းရဆုံး ဖြစ်ပြီး တစ်နှစ်ကို ရေမွှေးပုလင်း ၁၀၀,၀၀၀ ရောင်းရတယ်။ ငယ်စဉ်ဘဝကတည်းက နှစ်သက်ခဲ့တဲ့ ပန်းရနံ့ကို ပြန်လည်ရရှိစေတယ်။

ငယ်စဉ်ဘဝ အစွဲအလမ်းရနံ့ကို ရေမွှေုးလုပ်ငန်း ပူးတွဲထူထောင်သူ ရှန်လီက ဘီဂျင်းမြို့‌ေတာ်မှနွေရာသီနန်းတော် Summer Palace အလည်အပတ် သွားရောက်ခဲ့စဉ် စိတ်ကူးရရှိခဲ့ တာ ဖြစ်ပါတယ်။

ပုံ
"ပင်လုံးကြိုင်ရနံ့ကြောင့် စိတ်ထဲ ငယ်စဉ်ဘဝ အမှတ်တရတွေ ပြန်သတိရတယ်။ လူကြီးတွေအတွက် ရေမွှေး ဖန်တီးပေးရင် ကောင်းမယ်လို့ စိတ်ကူးရတယ်။ ပင်လုံးကြိုင်က အကြီးအကျယ် ရေပန်းစားတဲ့ပန်း။ ပင်လုံးကြိုင် အချိုပွဲတောင်ဘရှိတယ်" လို့ ရှန်လီက ပြောပြတယ်။
ပင်လုံးကြိုင် ကို လက်ဖက်ချို၊ သံလွင်ချို လို့လည်း ခေါ်ဝေါ်ကြတယ်။

စိတ်ကူးကနေ လက်တွေ့ဖြစ်လာဖို့ ကုမ္ပဏီ ထူထောင်တယ်။ ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ အသက် ၃၈ နှစ်ရှိ ရှန်လီက marketing နဲ့ branding ကို တာဝန်ယူတယ်။ ဆိုရှယ်မီဒီယာကို အသားပေး လုပ်ကိုင်တယ်။
အသက် ၄၁ နှစ်ရှိသူ Huipu Liu က E-commerce လုပ်ကိုင်ဖူးတဲ့သူ ဖြစ်ပြီး ဝန်ထမ်းရေးရာ ၊ ဘဏ္ဍာရေး၊ ပစ္စည်းဖြည့်သွင်းကွင်းဆက်၊ လုပ်ငန်းလည်ပတ်မှုတို့ကို ကြီးကြပ်တယ်။ တောင်ကိုရီးယားနိုင်ငံသား အသက် ၃၄ နှစ်ရှိသူ Seokhoon Choi က Yale Art School ကျောင်းဆင်း၊ သူက အနုပညာဆန်ဆန် ဒီဇိုင်းထုတ်တဲ့အပိုင်းကို လုပ်ကိုင်တယ်။

To Summer မှာ နောက်ထပ် အခရာကျသူက ပြင်သစ်ရနံ့ကုမ္ပဏီ Robertet ရဲ့ ဘီဂျင်းမှာ ရေမွှေးသမားချုပ် chief perfumer ဖြစ်သူ David Huang ဖြစ်ပါတယ်။ ရေမွှေးကို လက်တွေ့ကျွမ်းကျင်သူဖြစ်ပြီး ငယ်စဉ်ဘဝ လွမ်းဆွတ်သတိရစေတဲ့ ပင်လုံးကြိုင်ရနံ့ကို ဖန်တီးပေးသူ ဖြစ်ပါတယ်။

ရေမွှေး၊ စပရေး၊ ဖယောင်းတိုင် ထုတ်ကုန် ၃ မျိုးကို ရနံ့ အမျိုး ၂၀ ဖြင့် ထုတ်လုပ်တယ်။

ဈေးကွက်တင်တဲ့အခါ To Summer ရဲ့ တရားဝင် WeChat account မှာသာ ရနိုင်တယ်။ အွန်လိုင်း ဈေးဆိုင်ကြီးတွေဖြစ်တဲ့ Tmall နဲ့ Taobao မှာ မရောင်းဘူး။ သူတို့ရဲ့ယာယီကာလတို လက်လီအရောင်းဆိုင် pop-up store ဖြစ်တဲ့ Tai Koo Li mall နဲ့ Lane Crawford တို့မှာလည်း မရောင်းဘူး။ အခုလို မရောင်းဖို့ တမင်ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ live streaming မရောင်းဖို့လည်း ဆုံးဖြတ်ထားတယ်။
"ကျွန်မတို့က ကဗျာဆန်ဆန် နွေးနွေးထွေးထွေး လုပ်ရတာကို ပိုနှစ်သက်တယ်" လို့ ရှန်လီက ဆိုတယ်။

To Summer က တရုတ်ပြည်မှာ တွင်ကျယ်တဲ့ အပင်ရနံ့တွေကို အသုံးပြုတယ်။ ရေမွှေးအကြောင်းကို ပြောပြရင် ရိုးရာကဗျာစာသားတွေကို သုံးစွဲတယ်။

အဖွဲ့မှာ လူ ၇၀ ဦးအထိ ရှိလာတယ်။ အဖွဲ့က တရုတ်လူနေမှုဘဝပုံစံနဲ့ အံဝင်တဲ့ အထက်တန်းစားအဖြစ် ရပ်တည်တဲ့ ရနံ့ brand အဖြစ်ဖြင့် To Summer ကို တရုတ်နိုင်ငံတစ်လွှား branding လုပ်ဖို့ ဆန္ဒရှိတယ်။

"လာမည့်နှစ်ကျရင် ဘီဂျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်း၊ ချန်ဒူးနှင့် နန်ကျင်းတို့မှာ ကျွန်မတို့ရဲ့ ဂုဿ်ဆောင် အထင်ကရဆိုင်များကို ဖွင့်လှစ်ပါမယ်။ တရုတ်နှင့် တရုတ်ယဉ်ကျေးမှုကို ကိုယ်စားပြုဖို့ တစ်ကမ္ဘာလုံးကို ချဲ့ထွင်လိုပါတယ်။ လာမယ့်သုံးနှစ်အတွင်း တိုကျို၊ ပါရီနှင့် နယူးယောက်တို့မှာလည်း ဂုဏ်ဆောင် အထင်ကရဆိုင်တွေ ဖွင့်လှစ်မယ်။ ကျွန်မတို့ ဥရောပဖောက်သည် အများအပြား ရထားပါတယ်။ ဘီဂျင်းမှာရှိတဲ့ သံတမန်အများအပြားတို့ကလည်း ကျွန်မတို့ရဲ့ ဖောက်သည်တွေပါ" လို့ ရှန်လီက ပြောပြပါတယ်။

To Summer ဦးတည်ထားတဲ့ ပရိသတ်က အသက် ၂၅နဲ့ ၃၅ နှစ်ကြား၊ ချမ်းသာတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က ပစ္စည်းကောင်းကောင်း၊ ထုပ်ပိုးပုံ သေသပ်လှပပြီး ခန့်ခန့်ထည်ထည်၊ တရုတ်ပြည်တွင်း ထုတ်လုပ်တဲ့ ပစ္စည်းမျိုးတွေကို ဝယ်ယူကြသူတွေ ဖြစ်ပါတယ်။
ရောင်းဈေးကို အမေရိကန်ဒေါ်လာ ၄၅ မှ ၉၀ အထိ သတ်မှတ်ထားပါတယ်။ ဈေးသက်သက်သာသာဖြင့် အမြောက်အမြား ရောင်းဖို့ မရည်ရွယ်ထားဘူး။
ပရိုမိုးရှင်းအတွက် influencers တွေကို သုံးတယ်။ ရေမွှေးတွေ ပေးသုံးပြီး ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Weibo, Red Book, Bilibili , Douyin တို့မှာ သူတို့အမြင်ကို တင်ပြခိုင်းတယ်။

To Summer က VIP ဖောက်သည်တွေနဲ့ အဆက်အသွယ် အမြဲမပြတ်ရှိစေဖို့အတွက်
အရွယ်အစားကြီးကြီး မဂ္ဂဇင်းကို လက်ဆောင်ပေးဖို့ လိုအပ်သလောက်သာ ရိုက်နှိပ်ပြီး VIP ဖောက်သည်တွေထံ ပို့ပေးတယ်။

1640576188370.png

 

လာမယ့်နှစ်က ကျားနှစ်ဖြစ်လို့ နှစ်သစ်ကူးလက်ဆောင် ထည့်ပေးတဲ့ဘူးကို လက်မှုအနုပညာဖြင့် ဒီဇိုင်းထုတ်တာမှာ ကျားနှစ်ရိုးရာအငွေ့အသက်တွေနဲ့ ထုတ်လုပ်ပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် သီးသန့်လက်ဆောင်ဘူးသုံးမျိုးကို ထုတ်လုပ်ပါတယ်။ ဗြိတိသျှ ကဗျာသမား Sigfrier Sasson ရဲ့စာသား “In Me, The Tiger Sniffs The Rose” ကို အသုံးပြုထားပါတယ်။
ငါ့အထဲမှာ ကျားလို ဒေါမာန်ပြင်းထန်ခြင်းနဲ့ နှင်းဆီလို သိမ်မွေ့ခြင်းတို့အကြား လှပတဲ့ ဆက်နွှယ်မှု ရှိနေတယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းကို ထင်ဟပ်ထားပါတယ်။ ကျားနှင့်တူသော ရနံ့မွှေးဆီမီး၊ အမွှေးနံ့သာပုလင်း၊ ရိုးရာစာအိတ်နီ နှင့် ရေမွှေးအိတ်တို့ ဘူးထဲမှာ ထည့်ပေးထားတယ်။ ရိုးရာစက္ကူအလှဖြတ်တဲ့ လက်မှုပညာကို သုံးထားတယ်။ ရိုးရာ သစ်သားထွင်းပညာကိုလည်း သုံးထားတယ်။

To Summer ဟာ 'ပရီမီယံ' အထက်တန်းစားဆိုတာ အမြဲမပြတ် အသိပေးနေပါတယ်။

Additional Info

  • Sidebar Banner: 3023-to-summer
Read times
Rate this item
(0 votes)