-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ်အကိုင်ခေါ်စာကြော်ငာတွေမှာ မှားလေ့ရှိတဲ့အချက် (၆)ချက်

အလုပ်အကိုင်ခေါ်စာကြော်ငာတွေမှာ မှားလေ့ရှိတဲ့အချက် (၆)ချက် Google

ဒီနေ့ခေတ်မှာ အလုပ်အကိုင်ရှာဖွေသူများစွာရှိသလို၊ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်တဲ့ ကုမ္ပဏီတွေဟာလည်း များလာပါတယ်။ အဓိကကတော့ သင့်ကုမ္ပဏီကို တကယ်အရည်အချင်းရှိတဲ့သူတွေ၊ တစ်နည်းအားဖြင့် သင့်ကုမ္ပဏီနဲ့ကိုက်ညီမယ့်သူတွေ လာရောက်ပူးပေါင်းဖို့ကို သင့်ရဲ့အလုပ်ခေါ်စာဟာ ကြော်ငြာတစ်ခုလိုပဲ အရေးကြီးလှပါတယ်။

စီးပွားရေးကြော်ငြာလုပ်ငန်း ကြော်ငြာတွေမဟုတ်တဲ့ အလုပ်အကိုင်ခေါ်ယူတဲ့ကြော်ငြာကိုရော ကောင်းမွန်တဲ့ကြော်ငြာတစ်ခုဖြစ်အောင် ဘယ်လိုဖန်တီးမလဲ။ ဒါကြောင့် အခုအောက်မှာဖော်ပြမယ့်အချက်အချို့ကတော့ အလုပ်အကိုင်ခေါ်စာကြော်ငြာတွေ မှားလေ့မှားထရှိတဲ့အချက်တွေကို သတိထားပြင်ဆင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

၁။ မဖြစ်နိုင်တာတွေကို တောင်းဆိုခြင်း။

သင့်ကုမ္ပဏီမှာခန့်ထားမယ့် ဝန်ထမ်းတစ်ယောက်ဟာ အရည်အချင်းရှိဖို့လိုတာမှန်ပါတယ်။ ထူးချွန်ဖို့လိုအပ်တယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့လိုချင်တာတွေများလွန်းပြီး တောင်းဆိုမှုတွေအများအပြား ပြုလုပ်ခြင်းဟာလည်း အမှားတစ်ခုလို့ပဲဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ Senior Graphic Designer တစ်ယောက်ကိုအလိုရှိကြောင်း ကြော်ငြာတယ်ဆိုပါစို့။ အဲ့ဒီလျှောက်ထားသူအနေနဲ့ graphic design ကိုလည်း ပိုင်နိုင်ရမယ်၊ စီးပွားရေးအမြင်လည်းရှိရမယ်၊ financial project management အပိုင်းမှာလည်း အလုပ်လုပ်ဖူးသူလည်းဖြစ်ရမယ်။ စန္ဒရားလည်းတီးတတ်ရမယ်။ (Really? ) သင့်အနေနဲ့ အရည်အချင်းအဖက်ဖက်က ပြည့်စုံတဲ့လူတစ်ယောက်နဲ့ လက်တွဲအလုပ်လုပ်လိုတာမှန်ပေမယ့်လည်း တောင်းဆိုတဲ့အချက်အလက်တွေကိုတော့ အများအပြားမပြုလုပ်သင့်ပါဘူး။ ရှိသင့်တဲ့အရည်အချင်းရယ်၊ ရှိရင်ကောင်းမယ့်အရည်အချင်းရယ် (must-have) (nice-to-have) အစရှိသဖြင့် ခွဲခြားပြီးကြော်ငြာမှုမျိုးပြုလုပ်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

၂။ စကားလုံးခပ်ဆန်းဆန်း၊ ခပ်မြင့်မြင့်တွေ အသုံးပြုလွန်းခြင်း။

စကားလုံးအသုံးအနှုန်း၊ စကားလုံးအထားအသိုတွေဟာလည်း ကြော်ငြာတစ်ခုမှာ အရေးပါတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ စကားလုံးမြင့်မြင့်လေးတွေ ဆန်းဆန်းလေးတွေနဲ့ ကြော်ငြာကိုလူပိုစိတ်ဝင်စားအောင်၊ ကြော်ငြာကို အဆင့်မြင့်မြင့်လေးဖြစ်အောင် ပြုလုပ်နိုင်တာကောင်းပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ကြော်ငြာကို ဖတ်ရှုမယ့်သူတွေ၊ တစ်နည်းအားဖြင့် audience group ကိုလည်း နားလည်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့အလုပ်ကြော်ငြာမှာ စကားလုံးမြင့်မြင့်တွေသုံးနှုန်းပြီး ကြော်ငြာလိုက်မယ်ဆိုရင် ဖတ်တဲ့သူတွေထဲက နားလည်သူတွေရှိကောင်းရှိမှာဖြစ်ပေမယ့်၊ နားမလည်တဲ့သူတွေအတွက်တော့ သင့်ကုမ္ပဏီကို အလုပ်လာလျှောက်ဖို့ အနည်းငယ်တုံ့ဆိုင်းသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ ခပ်ဆန်းဆန်းစကားလုံးတွေကို နားမလည်တဲ့လူတွေထဲမှာလည်း အရည်အချင်းရှိတဲ့၊ ကြိုးစားတဲ့ လူတွေပါဝင်နိုင်နေမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သင့်ရဲ့ကြော်ငြာထဲမှာ PPCs, EBITDAs and CTAs တွေ အများအပြားမထည့်သွင်းခင်မှာ စဉ်းစားသင့်တာကတော့ သင့်အနေနဲ့ဘယ်သူတွေကို target ထားမလဲဆိုတာကိုပဲဖြစ်ပါတယ်။

Read More>>>လုပ်ငန်းရှင်တွေအတွက် အကျိုးအမြတ်ပိုမိုရရှိစေနိုင်တဲ့ YouTube ကြော်ငြာပုံစံ(၄)မျိုး

၃။ တင်းကျပ်မှုပြုလုပ်မိသွားခြင်း။

အလုပ်ကြော်ငြာမှာ တင်းကျပ်မှုပြုလုပ်မိတယ်ဆိုတာကတော့ သင့်အနေနဲ့ တစ်ဖက်သူလာရောက်လျှောက်ထားလိုစိတ် လျော့ပါးသွားအောင်ပြုလုပ်မိတာပါပဲ။ သင့်အနေနဲ့ သင့်ရဲ့စာအရေးအသားထဲမှာ အဲ့လိုအဓိပ္ပာယ်သက်ရောက်စေတယ်လို့မထင်မိပဲ၊ သင်ကိုယ်တိုင်သတိမထားမိပဲ ဖြစ်လေ့ရှိတဲ့အမှားဖြစ်ပါတယ်။ သင်ဟာ သင့်အလုပ်မှာ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ လိင်ခွဲခြားမှုမရှိဘူး တန်းတူဆက်ဆံတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်ကြောင်းပြသချင်တယ်။ ထို့အတူ မသန်စွမ်းတွေအတွက်လည်း လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အလုပ်ခွင်တစ်ခုဖြစ်စေချင်တယ်။ ဒါပေမယ့် သင့်ရဲ့အလုပ်ကြော်ငြာအရေးအသားထဲမှာ " ငယ်ရွယ်ပြီး အလုပ်ကြိုးစားလုပ်ကိုင်နိုင်သူ " သို့မဟုတ် " ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်သူ " အစရှိသဖြင့်ထည့်သွင်းကြော်ငြာမိခြင်းဟာ မသန်စွမ်းအချို့အတွက်တော့ အလုပ်လျှောက်ထားဖို့အတွက် အတားအဆီးဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်လိုအပ်ချက်တွေကို တည့်တည့်ပြောဆိုမယ့်အစား အလုပ်လျှောက်ထားသူဖက်ကို ဒီအလုပ်ဟာ သူနဲ့သင့်တော်ခြင်းရှိ၊ မရှိ သူကိုယ်တိုင်စဉ်းစားခွင့်ပေးလိုက်တာမျိုး ပြုလုပ်သင့်ပါတယ်။

၎။ မသေမချာဖော်ပြမှုမျိုးပြုလုပ်ခြင်း။

အလုပ်အကိုင်ကြော်ငြာမဟုတ်ပဲ သာမန်ကုန်ပစ္စည်းကြော်ငြာမျိုးဆိုရင်တော့ မသေမချာ၊ မရေမရာဖော်ပြတာမျိုးဟာလည်း လူစိတ်ဝင်စားဖို့အတွက် နည်းလမ်းတစ်ခုပဲပါ။ ဥပမာအားဖြင့်- အကောင်းဆုံးနဲ့အသန့်ဆုံး အစစ်ဆုံးဆိုတာလေးပဲဖော်ပြပြီး ဘာလဲဆိုတာမပြောသွားပဲ ကြော်ငြာသွားတဲ့ ပဲဆီသန့်ကြော်ငြာဟာ လူစိတ်ဝင်စားမှုရရှိခဲ့ပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ကြော်ငြာနဲ့ပတ်သတ်ရင်တော့ တိတိကျကျဖော်ပြခြင်းမျိုးကပဲ ကောင်းမွန်တဲ့အလုပ်ကြော်ငြာဖြစ်စေမှာပါ။ မိမိလိုချင်တဲ့ အချက်အလက်၊ မိမိမျှော်လင့်တဲ့အချက်အလက်၊ အစရှိတာတွေကို တိတိကျကျဖော်ပြသင့်ပါတယ်။ ဒါ့အပြင် အကောင်းဆုံးကတော့ သင့်အလုပ်ရဲ့ပေးနိုင်မယ့် လစာကိုဖော်ပြတာပါပဲ။ လတ်တလောစစ်တမ်းတွေအရ လစာကိုထည့်သွင်းကြော်ငြာတဲ့ အလုပ်ခေါ်စာကို ဖတ်မိတဲ့အလုပ်အကိုင်ရှာဖွေသူ ၃ ယောက်မှာ ၂ ယောက်ဟာ အဲ့ဒီအလုပ်ကို လျှောက်ထားမှုပြုလုပ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

၅။ တနွဲ့တလျရေးဖွဲ့ခြင်းထားခြင်း။

စာပိုဒ်အရှည်ကြီးတွေနဲ့ စာစီစာကုံးရေးသလိုရေးထားတဲ့ အလုပ်အကိုင်ကြော်ငြာကို သင်ဖတ်ရှုမိပြီဆိုပါစို့။ သင်လိုချင်တဲ့အချက်အလက်ကို ရှာမတွေ့ရှာတွေ့ဖို့ကိုလည်း အချိန်ယူဖတ်ရှုရ၊ ဒါ့အပြင် သင်ဟာမိုဘိုင်းဖုန်းနဲ့ ဖတ်ရှုနေသူဖြစ်တာကြောင့်လည်း စာပိုဒ်အရှည်ကြီးတွေကို အလွယ်တကူဖတ်ဖို့ အဆင်မပြေဖြစ်၊ ဒီလိုအခက်အခဲတွေကြုံတွေ့နေရပြီဆိုရင်တော့ အဲဒီအလုပ်ကို သင်အနေနဲ့ စိတ်ဝင်စားမှုမျိုး အလွယ်တကူဖြစ်ချင်မှဖြစ်တော့မှာပါ။ အလုပ်အကိုင်ကြော်ငြာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့ရေးသားရာမှာလည်း အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းမြင်အောင် ရေးသားသင့်ပါတယ်၊ Bullet point တွေအသုံးပြုခြင်းမျိုး၊ မြင်သာထင်ရှားစေမယ့် အချက်တွေနဲ့ ဖော်ပြခြင်းမျိုး အစရှိတာတွေကို ပြုလုပ်သင့်ပါတယ်။ တစ်နည်းအားဖြင့် တနွဲ့တလျရေးသားထားပြီး လိုရင်းမရောက်တဲ့ CV ကို သင့်အနေနဲ့လည်း စိတ်ဝင်စားမှုမရှိနိုင်သလိုပါပဲ။

၆။ သင့်အကြောင်းကိုလည်းပြောပါ။

အလုပ်လျှောက်ထားသူထံမှပဲ သူ့အကြောင်းတွေကို လိုချင်တာမျိုးထက် သင့်ရဲ့အကြောင်းကိုလည်း ပြောပြပေးပါ။ ကုမ္ပဏီကဘယ်လိုမျိုး flexible ဖြစ်ကြောင်း၊ အလုပ်ချိန်တွေသတ်မှတ်ရာမှာလည်း လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ကြောင်း၊ ပျော်ရွှင်ဖွယ်လုပ်ငန်းခွင်တစ်ခုဖြစ်ကြောင်း အစရှိသဖြင့် သင့်ဘက်ကလည်း ပြန်လည်ဖော်ပြခြင်းမျိုးပြုလုပ်သင့်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အားလပ်ချိန်အနားယူဖို့ နေရာတွေဖန်တီးထားတာမျိုးတွေရှိကြောင်း၊ ကော်ဖီဖျော်စက်တွေထားရှိပေးထားတာမျိုးရှိကြောင်း အစရှိသဖြင့် သင့်လုပ်ငန်းခွင်အကြောင်းကိုလည်း ကြော်ငြာခြင်းမျိုးပြုလုပ်ပေးသင့်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ အလုပ်အကိုင်ခေါ်စာကြော်ငြာတွေ မှားလေ့မှားထရှိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

Source; Job In Yangon

 

Read times
Rate this item
(0 votes)