-->
×

Warning

JUser: :_load: Unable to load user with ID: 29


အာရှရဲ့ ထိပ်တန်းဘီယာ Brand (၅)ခု

အာရှရဲ့ ထိပ်တန်းဘီယာ Brand (၅)ခု Google

အာရှတစ်ခွင်တွင် ဘီယာသောက်သုံးသူများအကြား ဘီယာ brand သုံးခုက ကြီးစိုးထားသည်။

၎င်းဘီယာ brand သုံးခုမှာ Heineken, Carlsberg နှင့်  Budweiser တို့ ဖြစ်သည်ဟု Asia's Top 1000 Brands အစီရင်ခံစာအရ သိရသည်။ Asia's Top 1000 Brands သည် အာရှ ပစိဖိတ်ဒေသတွင်းရှိ ဈေးကွက် ၁၄ ခုတို့တွင် စစ်တမ်းကောက်ယူထားသည်။ ထုတ်ကုန်/၀န်ဆောင်မှု အမျိုးအစား ၁၅ ခု ပိုင်းခြားသတ်မှတ်ပြီး  brand နှစ်သက်မှုကို လေ့လာဆန်းစစ်သည်။ လူကြိုက်အများဆုံး brand များကို စာရင်းထုတ်ပြန်ပေးသည်။ တစ်နည်းဆိုရသော် စိတ်ထဲ ထိပ်ဆုံးမှာ တွေးမိသည့် brand ကို အဖြေထုတ်ခြင်း ဖြစ်သည်။ ဘီယာ ဟု ဆိုလိုက်ပါက မည်သည့် brand ကို အရင်ဆုံး စိတ်ထဲ လိုချင်မိသည်ကို ဆန်းစစ်ခြင်း ဖြစ်သည်။ ထိုသို့ လူကြိုက်များသည့် ဘီယာ brand များကို ဆန်းစစ် အဖြေထုတ်လိုက်သောအခါ အာရှအတွက် ထိပ်တန်း ဘီယာ brand ၅ ခု အဖြေ ထွက်သည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဒတ်ခ်ျမှ ဘီယာ မဟာလုပ်ငန်းကြီး ဖြစ်သော Heineken သည် အာရှ၏ ဈေးကွက် ၇ ခုတွင် လူကြိုက်အများဆုံး ဖြစ်သည်။ ထိုဈေးကွက်တို့မှာ စင်ကာပူ၊ သြစတေးလျ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် နယူးဇီလန်တို့ ဖြစ်သည်။ မလေးရှားနှင့် တိုင်ဝမ်တို့၌ ဒုတိယနေရာကို ရရှိထားသည်။ Heineken သည် ဒေသတွင်း နေရာယူခြင်းကို ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း၌ တိုးမြှင့်ခဲ့သည်။ အရှေ့ တီမော ကျွန်းနိုင်ငံတွင် ဘီယာစက်ရုံတစ်ခု တည်ဆောက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်မှုများ၏ ရလဒ်အဖြစ် Heineken သည် Asia's Top 1000 Brands တွင် ဘီယာbrand များတွင် ပထမနေရာကို ဆက်လက်ရရှိထားနိုင်ခဲ့သည်။

Heineken နှင့် မတိမ်းမယိမ်း နေရာတွင် ရှိနေသည့် ဘီယာ brand နှစ်ခုမှာ Carlsberg နှင့်  Budweiser ဖြစ်သည်။ Carlsberg သည် တရုတ်နိုင်ငံ ဈေးကွက်တွင် လူကြိုက်များသည်။ တရုတ်ပြည်တွင်း ဈေးကွက်တွင် ပြည်တွင်းထွက် ဘီယာ ဖြစ်သည့် Tsingtao က ထိပ်ဆုံးမှာ ဗိုလ်စွဲထားစမြဲ ဖြစ်သည်။  သို့သော် တရုတ်ပြည်တွင်း ဈေးကွက်တွင် Carlsberg ရောင်းအား မြှင့်တက်လာနေသည်။ ရောင်းချရသည့် ထုထည်ပမာဏအရ ကြည့်လျှင် တရုတ်ပြည်တွင်း ဈေးကွက်သည် Carlsberg အဖို့ အကြီးမားဆုံး ဖြစ်နေပြီး ၎င်း၏ ပရီမီယံ တံဆိပ် ဖြစ်သည့် Tuborg ဘီယာ ရောင်းအား မြင့်တက်လာနေသည်ကို တွေ့ရသည်။ ထိုသို့ အခြေအနေ ကောင်းနေသော်လည်း Budweiser ကို မမီသေးချေ။

Budweiser သည် အမေရိကန်ဘီယာဖြစ်ပြီး တရုတ်ဈေးကွက်ထဲတွင် ရောင်းချရသည့် ထုထည်ပမာဏက မိခင်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံ ပြည်တွင်း ဈေးကွက်ထဲတွင် ရောင်းချရသည့် ထုထည်ပမာဏထက် ပိုများနေသည်။ Budweiser ကို ပရီမီယံ ပြည်ပ ယာမကာအဖြစ် တရုတ်ဘီယာသမားတို့က သတ်မှတ်ထားကြသည်။ နံပါတ်(၄) နေရာတွင် ရောက်ရှိနေသည့် Tiger  ဘီယာသည် စင်ကာပူနိုင်ငံတွင် မွေးဖွားခဲ့သည့်  ဘီယာ brand တစ်ခု ဖြစ်သည်။ သို့သော် နံပါတ်(၁) နေရာတွင် ရောက်နေသည့်  Heineken မှ ပိုင်ဆိုင်ထားသည့် ဘီယာ brand များတွင် တစ်ခု အပါအ၀င် ဖြစ်သည်။

ထိုသို့ Heineken မှ  ပိုင်ဆိုင်ထားသော်လည်း brand ထူထောင်ရာ၌ ‘စင်ကာပူမှာ ပြုလုပ်သည်’  ‘Made in Singapore’ ကို စူးစိုက်ပြီး လုပ်ဆောင်သည်။ ချန်ဂီလေဆိပ်၌ ‘Jewel’ shopping centre အသစ် ဖွင့်လှစ်သည့်အခါ ဆိုင်ခန်း တစ်နေရာ ရယူပြီး လက်လီရောင်းချသည်။  စင်ကာပူ ပြည်တွင်းဖြစ် ဘီယာအဖြစ် brand ကို ထူထောင်သည်။ တိုင်းပြည်အချို့တို့တွင် ပြည်တွင်းဖြစ် ဟူသည် ဂုဏ်ဖြင့် ဈေးကွက် ဝေစုကို ဘီယာတို့ ရယူထားကြသည့် လမ်းစဉ်ကို လိုက်ခြင်းဟု ဆိုရမည်။ ဖိလစ်ပိုင်တွင် ပြည်တွင်းဖြစ် ဘီယာ   San Miguel သည် နံပါတ် (၁) နေရာတွင် ရှိနေသည်။ အရက်ပါဝင်မှု မြင့်သော Red Horse သည် နံပါတ်(၂) နေရာတွင် ရှိနေသည်။ အိန္ဒိယနိုင်ငံတွင် ပြည်တွင်းဖြစ်ဘီယာ Kingfisher သည် လူကြိုက်အများဆုံး ဘီယာ ဖြစ်သည်။ တိုင်ဝမ်တွင် Taiwan Beer သည် အမြဲ နံပါတ်(၁) နေရာကို ရထားသည်။  အလားတူပင် မြန်မာနိုင်ငံတွင်လည်း Myanmar Beer ရေပန်းစားသည်။

နံပါတ်(၅) နေရာတွင် ရှိနေသည့် Asahi သည် ဂျပန်နိုင်ငံမှ ဘီယာ brand ဖြစ်သည်။ ဂျပန်ပြည်တွင်းဈေးကွက်တွင် ဝေစု အများဆုံး ရရှိထားသည့် ဘီယာ brand ဖြစ်သည်။ ကမ္ဘာ့ အကြီးမားဆုံး ဘီယာလုပ်ငန်းများတွင် Asahi သည် နံပါတ် (၇) နေရာတွင် ရှိသည်။

Read More >>> ဆုကြေးငွေဒေါ်လာ (၂၅၀၀)နဲ့အတူ ကုမ္ပဏီဖွင့်ဖို့ရုံးခန်းနေရာ ၃လစာအထိရရှိနိုင်မယ့် startup challenge

Myanmar Advertising Directory

Read times
Rate this item
(0 votes)