-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ

လိုက်နာရမယ့် ကျင့်ဝတ်တွေထဲမှာ နိုင်ငံရေး၊ ဘာသာရေး၊ ခွဲခြားဆက်ဆံခြင်း၊ ပုဂ္ဂလိက လွတ်လပ်ခွင့်၊ ကြော်ငြာ၊ ရွေးကောက်ပွဲ၊ တရားရုံး စတဲ့ ကဏ္ဍအေသီးသီးမှာ သက်ဆိုင်ရာ သတိထားသင့်တဲ့ အချက်များစွာ ပါဝင်ပါတယ်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ် စုစုပေါင်း ၃၂ ချက် ရှိပြီး အပြည့်အစုံ ဖော်ပြလိုက်ပါတယ်။


တိကျမှန်ကန်မှု

၁။ သတင်းထုတ်လွှင့်ရာတွင် တိကျမှန်ကန်မှု ရှိစေရန် အထူးကြိုးစား ဆောင်ရွက်ရမည်။ ထုတ်လွှင့်ခြင်းမပြုမီ သတင်းအားလုံးကို တတ်စွမ်းသမျှ စစ်ဆေးရမည်။ မည်သည့် သတင်း အချက်အလက်ကိုမျှ မိမိတို့လိုရာသို့ ဆွဲမရေးရ၊ သို့တည်းမဟုတ် လိုရင်းအချက်အလက်များကို တမင်သက်သက် ထိန်ချန်ခြင်း မပြုရ။ ရုပ်ပုံနှင့် အသံများကို လိုရာဆွဲ တည်းဖြတ်ခြင်း မပြုရ။

၂။ သတင်းအရင်းအမြစ်များ၊ သတင်းအချက်အလက်နှင့် ကိုးကားစကား စသည်တို့ကို မဟုတ်မမှန် လုပ်ကြံ ဖန်တီးခြင်း၊ သတင်းရုပ်ပုံများကို ဆက်စပ်ဖန်တီးခြင်း မပြုလုပ်ရ။

၃။ သတင်းနှင့် အစီအစဉ်ထုတ်လုပ်ရာတွင် မိမိကိုယ်ကို မည်သည့်ရုပ်သံလုပ်ငန်းမှ ဖြစ်ကြောင်း၊ ရိုက်ကူး ထုတ်လွှင့်ရန် ရည်ရွယ်ထားကြောင်း ဖော်ထုတ်ဝန်ခံရမည်။ အခြားသူ တစ်ဦးဦးအဖြစ် လိမ်ညာ ဟန်ဆောင်၍ သတင်းရယူခြင်း၊ မေးမြန်းခြင်း မပြုလုပ်ရ။

၎။ တိကျမှန်ကန်မှုမရှိသော သတင်းကို ထုတ်လွှင့်ခြင်းပြုမိလျှင် ထိုသတင်းကို ဆောလျင်နိုင်သမျှ ဆောလျင်စွာ ပြန်လည် ဖြေရှင်းပေးရမည်။ ဖြေရှင်းချက်ကိုလည်း သတင်းမှား ဖော်ပြခဲ့သည့်အတိုင်း ထင်ရှား ပေါ်လွင်အောင် ဖော်ပြပေးရမည်။

၅။ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် ဌာနများသည် သတင်းထုတ်လွှင့်ရာတွင် ပုဂ္ဂလိက ထင်မြင်ယူဆချက်၊ အာဘော်များ ထည့်သွင်းထုတ်လွှင့်မှု မပြုရ။ သတင်းနှင့် မျက်မှောက်ရေးရာ အစီအစဉ်များတွင် သတင်းထောက်များ၊ တင်ဆက်သူများ၏ သဘောထားအမြင်များ ပါဝင်ခြင်းကို ရှောင်ရှားရမည်။

ဂင်းနစ်စံချိန်သစ် တင်လိုက်တဲ့ ၁၄ နာရီကြာ ချွေးနံ့ပျောက်ဆေးကြော်ငြာ

 

နိုင်ငံရေး

၆။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပြယုဂ်နှင့် ဘေးကင်းလုံခြုံမှုကို ထိခိုက်စေမည့်သတင်း၊ ဓာတ်ပုံ၊ အရုပ်နှင့်အသံ၊ (Graphic) များကိုထည့်သွင်းထုတ်လွှင့်ခြင်း မပြုရ။

၇။ နိုင်ငံတကာရေးရာသတင်းများနှင့် ပတ်သက်လျှင် ဘာသာပြန်ဆိုရာတွင် သုံးနှုန်းသည့် ဝေါဟာရ များ၊ အခေါ်အဝေါ်များ၊ စကားလုံးများ၊ ဝေဖန်သုံးသပ်ချက်များသည် နိုင်ငံတော်၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်အညီရေးသားရမည်။

 

ဘာသာရေး

၈။ ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများကို လှုံ့ဆော်ရာရောက်သည့် သတင်းများ၊ အစီအစဉ်များကို ထည့်သွင်းထုတ်လွှင့်ခြင်း မပြုရ။

၉။ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအား ဖော်ပြရာတွင်ပြက်ရယ်ပြုခြင်း၊ စောင်းမြောင်း ထိပါးခြင်း မပြုရ။ ယဇ်ပူဇော်ခြင်းအား အသေးစိတ်ဖော်ပြခြင်း မပြုရ။ အခြားဘာသာများကို ပုတ်ခတ်ထိပါးရာ ရောက်သည့် ပြကွက်များ၊ အပြောများ ပါဝင်ခြင်း မရှိစေရ။

 

ခွဲခြားဆက်ဆံခြင်း

၁၀။ လူတစ်ဦးချင်းစီ၏ ကွဲပြားခြားနားမှုနှင့် မတူညီမှုများကို အကြောင်းပြု၍ ခွဲခြားနှိမ့်ချ ဆက်ဆံ ရာရောက်သော သတင်းများ အစီအစဉ်များကိုထည့်သွင်းထုတ်လွှင့်ခြင်း မပြုရ။ လူနည်းစုလူမျိုးစု များ၊ အမျိုးသမီးများနှင့် အမျိုးသားများ၊ အရွယ်မရောက် သေးသူ လူငယ်များ၊ အားနည်းချက် ရှိသော အုပ်စုများနှင့် မသန်စွမ်းသူများအား ရိုက်ကူးမေးမြန်းရာတွင် ခွဲခြားဆက်ဆံမှု မရှိဘဲ မျှတစွာ ဆောင်ရွက်ရမည်။ ယင်းတို့၏ အခွင့်အရေး များအား မြှင့်တင်ကာကွယ်သည့် အစီအစဉ် များ ဖြစ်ရမည်။

Ooredoo နဲ့ Mizzima ပူးပေါင်းပြီး အထူးဒီဂျစ်တယ် ရုပ်သံလိုင်း ထုတ်လွှင့်ပြသမည်

 

ကလေးသူငယ်များ

၁၁။ ကြည့်ရှုသူ၏ အသက်အပိုင်းအခြားကိုလိုက်၍ ရုပ်ရှင်နှင့်အစီအစဉ်များကို အမျိုးအစား ခွဲခြား သတ်မှတ်ဖော်ပြ၍ ထုတ်လွှင့်ရမည်။ ညဦးပိုင်း အစီအစဉ်များတွင် ကလေးသူငယ်များနှင့် မသင့်လျော်သည့် အစီအစဉ်များအား ထည့်သွင်းခြင်း မပြုရ။

၁၂။ သတင်းနှင့်အစီအစဉ်များတွင် ထည့်သွင်းသည့် လျှပ်တစ်ပြက်ရိုက်ကူးမှု ပုံရိပ်နှင့် အသံများသည် ကျိုးကြောင်းဆီလျော်မှု ရှိရမည်။ ကလေးငယ်များနှင့် ပရိသတ်များ၏ အမြင်အာရုံနှင့် အကြားအာရုံကို ထိခိုက်စေနိုင်လောက်သည့် အထူးပြုလုပ်ဖန်တီးချက်များ ထည့်သွင်းထုတ်လွှင့်ခြင်း မပြုရ။

၁၃။ ကလေးသူငယ်များအား ရိုက်ကူးမေးမြန်းရာတွင် မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ကို ရယူပြီးမှ ရိုက်ကူး ထုတ်လွှင့်ရမည်။

၁၄။ ၁၄-၇-၁၉၉၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/၉၃၊ အခန်း (၅) ကလေးသူငယ်၏ အခွင့်အရေးများပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်။

 

ပုဂ္ဂလိက လွတ်လပ်ခွင့်

၁၅။ လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်နှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မထိပါးစေဘဲ မေးမြန်း ရိုက်ကူး ထုတ်လွှင့်ရမည်။

 

လိင်မှုဆိုင်ရာ၊ အကြမ်းဖက်မှုနှင့် လူမှုစံနှုန်းများနှင့် ဖီလာဖြစ်သော အပြုအမူများ

၁၆။ လိင်မှုဆိုင်ရာပြကွက်များ၊ အကြမ်းဖက်မှုနှင့်လူ့ကျင့်ဝတ်ဖောက်ဖျက်မှုဆိုင်ရာ ဖော်ပြမှုများ၊ ပြစ်မှုများ၊ ကြမ်းတမ်းသောစကားလုံးများ သုံးနှုန်းမှုနှင့် ပရိသတ်များမှ ပေးပို့လာသော သတင်း စာသားများအား ထည့်သွင်းထုတ်လွှင့်မှုတို့နှင့် စပ်လျဉ်း၍ အများလက်ခံထားသည့် တင်ဆက်မှုပုံစံနှင့်အညီ၊ ယဉ်ကျေး သိမ်မွေ့စွာနှင့် လူမှုကျင့်ဝတ်တန်ဖိုးများကို အလေးထား ဖော်ပြရမည်။

၁၇။ စစ်ပွဲနှင့် အကြမ်းဖက်မှုအခြေအနေများ၊ မတော်တဆဖြစ်ရပ်နှင့် အရေးပေါ်အခြေအနေများအား ဖော်ပြရာတွင်သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိသူကိုသော်လည်းကောင်း၊ ယင်းတို့၏ ဆွေမျိုး မိသားစု များကိုသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ထိခိုက်စေနိုင်သည့် ထုတ်လွှင့်မှုကို ရှောင်ကြဉ်ရမည်။

 

တရားရုံး

၁၈။ တရားရုံး သတင်းများ ထုတ်လွှင့်ရာတွင် စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများကို မထီမဲ့မြင် ပြုရာရောက်သော၊ တရားစီရင်ရေးကို ထိပါးစွက်ဖက် နှောင့်ယှက်စေသော ထုတ်လွှင့်ခြင်းများ မပြုရ။

၁၉။ သတင်းများထုတ်လွှင့်ရာတွင် စီရင်ပိုင်ခွင့်ရှိသော တရားရုံးတော်က ပြစ်မှုထင်ရှား စီရင်ခြင်း မပြုသေးသမျှ ကလပတ်လုံး တရားစွဲဆိုခံရသူ သို့မဟုတ်သံသယရှိခံ ရသူအား အပြစ်ကင်းစင်သူတစ်ဦး ဖြစ်သည်ဟု သဘောပိုက်ရမည်။

ပုံနှိပ်ကြော်ငြာ ဒီဇိုင်းတွေအတွက် သိထားသင့်တဲ့ နည်းဥပဒေသများ

 

ရွေးကောက်ပွဲ

၂၀။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီတစ်ခု၊ ကိုယ်စားလှယ်တစ်ဦးအတွက် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စည်းရုံးလှုံ့ဆော်ပေးရာ ရောက်သည့် ထုတ်လွှင့်မှုမျိုး မပြုရ။

၂၁။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများ၊ ကိုယ်စားလှယ်များ၏ စည်းရုံးလှုံ့ဆော်သည့် ကြော်ငြာများ ( Campaign Advertisemen t) ထည့်သွင်းခြင်းမပြုရ။

၂၂။ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးသားထုတ်ဝေထားသည့် မြန်မာသတင်း မီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ပါ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်းမီဒီယာသမားများ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိမှတ်သား လိုက်နာ ဆောင်ရွက်ရမည်။

 

ကြော်ငြာ

၂၃။ ကြော်ငြာထည့်သွင်းရန်မှအပ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ၏ ထုတ်လွှင့်ချိန်ကို ရောင်းချခြင်း မပြုရ။

၂၄။ ကြော်ငြာထုတ်လွှင့်ရာတွင် ထုတ်ကုန်ပစ္စည်းများသည် စစ်မှန်မှုနှင့် အရည်အသွေး မှန်ကန်မှုရှိကြောင်း သက်သေအထောက်အထားနှင့် အချက်အလက်များ အပြည့်အစုံ ပါဝင်ရမည်။

 

မှားယွင်းထုတ်လွှင့်မှုအတွက် ပြင်ဆင်ချက်ထည့်သွင်းခြင်း

၂၅။ မှားယွင်းထုတ်လွှင့်မှုကို သိလျှင်သိချင်း သို့မဟုတ် မှားယွင်းမှုများကို ထောက်ပြလာ၍ နစ်နာမှု တစ်စုံတစ်ရာ ရှိကြောင်း အမှန်တကယ်သိရှိပါက အဆိုပါ အမှားများအပေါ် ပြင်ဆင်ချက် ကိုထည့်သွင်း ထုတ်လွှင့်ပေးရန် တာဝန်ရှိသည်။

၂၆။ မှားယွင်းသည့် ထုတ်လွှင့်ချက်ကို မှားယွင်းကြောင်း သိရှိပြီးနောက် ၂၄ နာရီ အတွင်း သို့မဟုတ် အစောဆုံး ပြင်ဆင်ပေးနိုင်သည့် အချိန်တွင်၊ အမှားပြင်ဆင်ချက်ကို ထည့်သွင်းရမည်။ ထိုသို့ ပြင်ဆင် ထုတ်လွှင့်ရာတွင် မူလထုတ်လွှင့်ခဲ့သည့် အစီအစဉ်နှင့် အနီးဆုံးအချိန်တွင် ထည့်သွင်း ထုတ်လွှင့်ရမည်။

သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းခြင်းရဲ့ အားသာချက်များ

 

အထွေထွေ

၂၇။ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများသည် ရုပ်ပုံ၊ အသံ၊ ဓာတ်ပုံနှင့် မှတ်တမ်းမှတ်ရာများကို ထုတ်လွှင့်ပြီးနောက် အနည်းဆုံး (၃) လ ထိန်းသိမ်းထားရမည်။

၂၈။ သမိုင်းတန်ဖိုး ကြီးမားသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် အစီအစဉ်များ၏ မှတ်တမ်းတစ်စုံကို အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသားပြတိုက်သို့ ပေးပို့ရမည်။ ယင်းအစီအစဉ်များ၏ မူပိုင်ခွင့်ကို မူပိုင်ခွင့်ပိုင်ရှင်ကသာ ပိုင်ဆိုင်သည်။

၂၉။ အခြားသူ တစ်ဦးဦး ရေးသားဖန်တီးသော သတင်း၊ ဓာတ်ပုံ၊ ကာတွန်း၊ ဆောင်းပါးနှင့် ကြော်ငြာများ သို့မဟုတ် သတင်းစိတ်ကူးတစ်ခုခုကို ကူးယူခြင်း၊ အရုပ်အသံ ရိုက်ကူးချက်များကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသ ကူးယူခြင်း (Plagirism) မပြုလုပ်ရ။

၃၀။ အောက်ပါအချက်များနှင့် ငြိစွန်းသော သတင်း၊ ဓာတ်ပုံ၊ အရုပ်နှင့်အသံ ဂရပ်ဖစ်ဖန်တီးချက်များကို ထည့်သွင်းထုတ်လွှင့်ခြင်း မပြုရ -
(က) အကျင့်သိက္ခာ ပျက်ပြားစေမည့် ညစ်ညမ်းသည့် ရုပ်ပုံများ၊ အသံများ၊ သရုပ်ဖော်သင်္ကေတ များ၊
(ခ) သိမ်ဖျင်းရုန့်ရင်းသော စကားအသုံးအနှုန်းများ
(ဂ) မမှန်ကန်သော၊ အသရေပျက်စေသော ကြေညာချက်များ၊
(ဃ) ရာဇဝတ်မှုခင်း ကျူးလွန်မှုကို အားပေးရာရောက်သော၊ အတုယူမှားနိုင်သော အသုံးအနှုန်းများနှင့် အသေးစိတ်ပြကွင်း ပြကွက်များ၊
(င) ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အသုံးအနှုန်းများနှင့် အသေးစိတ်ပြကွင်းပြကွက်များ၊
(စ) သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို လိုသည်ထက်ပို၍ လွန်ကဲစွာ ဖော်ပြသော ပြကွင်းပြကွက်များ၊
(ဆ) ဟီရိသြတ္တပ္ပတရားကင်းသော ဝတ်စားဆင်ယင်မှုများ၊ ကာမရာဂ လှုံ့ဆော်မှုများ ပါဝင်သည့် ပြကွင်းပြကွက်များ၊

၃၁။ တွေ့ဆုံမေးမြန်းခန်းများတွင် သုံးနှုန်းသည့် ဝေါဟာရနှင့် အပြုအမူတို့သည် ယဉ်ကျေးမှုနှင့် အညီသင့်လျော်သည့်ပြောဆိုပြုမူမှုများ ဖြစ်ရမည်။

၃၂။ သတင်းနှင့် အစီအစဉ်များ၊ ကြော်ငြာများတွင် စာတန်းရေးထိုးရာ၌ မြန်မာစာရေးထုံးနှင့် သတ်ပုံသတ်ညွှန်း မှန်ကန်စွာ ရေးသားဖော်ပြရမည်။ စကားလုံးအသုံးအနှုန်းများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်သည့် အများလက်ခံထားသည့် အသုံးအနှုန်းများ ဖြစ်ရမည်။ ဘန်းစကား များ သုံးနှုန်းခြင်း မပြုရ။

 

Ministry of Information

Read times
Rate this item
(1 Vote)