-->


ကိုကာကိုလာ အသင့်သောက်ကော်ဖီအေး မားကက်တင်း

ကိုကာကိုလာ အသင့်သောက်ကော်ဖီအေး မားကက်တင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယူကေမှာ သောက်သုံးသူတို့ကို ဆန္ဒမဲ ပေးစေပြီး အဆုံးအဖြတ် ပြုရာ၌ ကော်ဖီ ဆိုင်ခွဲများလုပ်ငန်း Costa Coffee ကို ဗြိတိန်၏အကြိုက်ဆုံး ကော်ဖီဆိုင်ခွဲဟု ၁၃ နှစ်ဆက်တိုက် မဲပေးရွေးချယ်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်တွင် Cola-Cola သည် ကော်ဖီဆိုင်ခွဲများလုပ်ငန်း Costa Coffee ကို ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။ သို့သော် ဆိုင်လုပ်ငန်းကို ဝယ်ယူသည်ဟု မဆိုသာချေ။ brand ကို ဝယ်ယူပြီး Costa brand ကို အသုံးပြုကာ  အသင့်သောက်ကော်ဖီအေး ကမ္ဘာ့ဈေးကွက်မှာ ဈေးကွက်ဝေစု အများဆုံး ရရှိပြီး ဈေးကွက်ကို ကြီးစိုးထားဖို့ ရည်ရွယ်သည်။

.

Coca-Cola သည် သောက်ရန်အသင့် ready-to-drink (RTD)  ဈေးကွက်ထဲ အသင့်သောက် ကော်ဖီအေးဖြင့် ထိုးဖောက်နေရာယူရန် ရည်မှန်းချက် ပန်းတိုင် ထားရှိသည်။

.

ကိုကာကိုလာသည် ကမ္ဘာ့အကြီးဆုံး နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ဝါရင် ဘတ်ဖတ်က ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည်။ 

 ထိုသို့ ဂုဏ်အရှိန်အဝါ ကြီးမားသော်လည်း အသင့်သောက် ကော်ဖီ ဈေးကွက်ထဲ တိုးမပေါက်ခဲ့ပါ။

 .

အသင့်သောက်ကော်ဖီသည် RTD ဈေးကွက်ထဲ လတ်တလောနှစ်များတွင် ကြီးထွားလာနေသည်။

သံဘူး၊ ကော်ပုလင်းဖြင့် ဖျော်ပြီးသားကော်ဖီ ထည့်ရောင်းကြရာ၌ အအေးဖျော်ရည်တစ်မျိုး အနေဖြင့် ရောင်းချကြသည်။ အသင့်သောက် ကော်ဖီအေး ကမ္ဘာ့ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၂၆ ဘီလီယံ ရှိသည်ဟု ခန့်မှန်းထားသည်။ လာမည့် ၂၀၂၇ တွင် နှစ်ဆဖြစ်လာမည်ဟု ခန့်မှန်းထားကြသည်။

ကရိကထ မများ။ ဘူးဖွင့်ပြီး မော့သောက်လိုက်ရုံသာဖြစ်ပြီး ကော်ဖီ အအေးအစိမ့် အရသာထူးကို ရရှိသည်။ အထူးသဖြင့် ငယ်ရွယ်သူများ ကြိုက်ကြသည်။ 

 .

အသင့်သောက်ကော်ဖီအေးကဏ္ဍတွင်  Motel Beer & Coffee ကို ထူထောင်သူ Cory Andreen ၏အဆိုအရ Covid-19 ကြောင့် လူအများတို့သည် အသင့်သောက် ကော်ဖီအေးကို စိတ်ဝင်စားမှု တိုးလာသည်။

"အထူးသဖြင့် ဂျာမနီမှာ ကော်ဖီဆိုင်မှာ သွားထိုင်ပြီး ကော်ဖီသောက်တဲ့ အလေ့အထ  အများကြီးရှိခဲ့တယ်။ အသင့်သောက် ကော်ဖီ ရေပန်းစားလာတာ ကပ်ရောဂါနဲ့လည်း တစ်စိတ်တဒေသ သက်ဆိုင်တယ်။ ဆိုင်တွေ ပိတ်ထားရပြီး လူတွေက အိမ်မှာ နေကြရတော့ လူတွေက သံဘူးတွေ၊ ကော်ပုလင်းတွေထဲမှ ဖျော်ပြီးသား ကော်ဖီကို သောက်ဖြစ်ကြတယ်။ အသင့်သောက်ကော်ဖီသောက်ရတာ ဘူးဖွင့် သောက်လိုက်ရုံဆိုတော့  သက်သောင့်သက်သာ ရှိတာ သူတို့ သိသွားကြတယ်" 

ဟု သူက ပြောသည်။

ကိုဗစ်လော့ဒေါင်းကြောင့် ဆိုင်ထိုင်သောက်သည့် အလေ့အထ မဖြစ်မနေ ပြောင်းလဲသွားသည်။ အသင့်သောက် RTD ကော်ဖီဈေးကွက်သည် ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အထိ ကာလအတွင်း ၄၀% နီးပါး ကြီးထွားသွားခဲ့သည်။

အသင့်သောက်ကော်ဖီ သံဘူးများ ရောင်းချခြင်းသည် ၁၉၉၀ ပြည့်လွန်နှစ်များမှာ စတင်ခဲ့သော်လည်း ကိုဗစ်ကာလကျမှ ခေတ်စားသွားသည်။ 

.

၂၀၁၇ ခုနှစ်တွင် Coca-Cola သည်  “With Coffee” အမျိုးမျိုးကို ပွဲဦးထွက် စတင်ခဲ့သည်။

ကိုကာကိုလာမှ ပြုလုပ်ခဲ့သည့် သုတေသနမှ သိရသည့်အချက်မှာ ကိုကာကိုလာ သောက်သုံးကြသူများတွင် ထက်ဝက်ကျော်တို့သည် ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် ပုံမှန်နေ့စဉ်သောက်သုံးကြသည်။ သို့ဖြစ်ရာ ဘရာဇီး ကော်ဖီစေ့ဖြင့် ကော်ဖီနှပ်ပြီး သံဘူးထဲထည့်ကာ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။ မအောင်မြင်ခဲ့ပါ။

ကုမ္ပဏီက မျှော်လင့်ထားသလို ဈေးကွက်ဝေစု မရရှိခဲ့ချေ။ ကိုကာကိုလာကို ကိုကာကိုလာဟုသာ သောက်သုံးသူတို့က မြင်ကြသည်။ ကော်ဖီကောင်းတစ်ခွက် ပေးအပ်နိုင်မည်ဟု မယူဆကြချေ။ 

တစ်နှစ်အကြာတွင် အထက်တွင် ဆိုခဲ့သည့်အတိုင်း ကိုကာကိုလာက ယူကေမှ ကော်ဖီဆိုင်ခွဲများ လုပ်ငန်း Costa Coffee ကို ကန်ဒေါ်လာ ၅ ဘီလီယံ ဖြင့် ဝယ်ယူလိုက်သည်။ Costa  ကို ကော်ဖီကောင်းကောာင်းတစ်ခွက် ပေးအပ်နေသည့် brand တစ်ခုဟု သောက်သုံးသူတို့က ယုံကြည်စိတ်ချထားကြသည်။ ကိုကာကိုလာက အသင့်သောက် ကော်ဖီဘူးများကို Costa Coffee တံဆိပ်ကပ်ပြီး ဖြန့်ဖြူးရောင်းချခဲ့သည်။ အောင်မြင်သွားပါသည်။

 

Coca-Cola-and-Costa-launch-RTD-coffee.jpg

၅ နှစ် ကြာပြီးချိန်တွင် Costa Coffee brand ကို အသုံးပြုထားသော RTD ထုတ်ကုန်များထံမှ ကိုကာကိုလာအတွက် အဓိကဝင်ငွေ ရရှိသည်။ သကြားပါသည့် အချိုရည်များကို ကျန်းမာရေးအတွက် ရှောင်ကြသဖြင့် ရောင်းအားကျဆင်းသည်ကို RTD ထုတ်ကုန်များ ရောင်းအားက ထေပေးထားသည်။

.

ကော်ဖီကဏ္ဍ နာမည်ရပြီးသား ယုံကြည်စိတ်ချမှု ရထားသည့် brand ဖြင့် အသင့်သောက် ကော်ဖီ ရောင်းချသည့်နည်းလမ်းကို Nestlé လည်း သုံးစွဲပါသည်။ Nestlé က Starbucks brand ကို ကန်ဒေါ်လာ ၇ ဘီလီယံ ပေးပြီး သုံးစွဲပါသည်။ 

 

ထိုသို့ brand ဝယ်သုံးမည် ဆိုလျှင် မားကက်တင်းနှင့် အရောင်း လုပ်ဆောင်နိုင်စွမ်း ကုမ္ပဏီမှာ ရှိထားဖို့ လိုပါသည်။ ထုတ်ကုန်ကလည်း အရည်အသွေး စိတ်ချရပြီး လူကြိုက်များမည့် အရသာ ဖြစ်ရပါမည်။ ဝယ်သုံးမည့် brand သည် လူသိများ၊ လူသုံးများရမည့်အပြင် လူအများ စိတ်ချထားသည့် brand ဖြစ်ရပါမည်။  အခြားကုမ္ပဏီထံ ပေးသုံးဖူးခြင်း မရှိသော brand ဖြစ်ရပါမည်။

Source intelligence coffee

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)