-->


မမြင်သာတဲ့အရာတွေကို ဘယ်လိုရောင်းရမလဲ

မမြင်သာတဲ့အရာတွေကို ဘယ်လိုရောင်းရမလဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အဲဒါတွေကို ခင်ဗျားတို့ မမြင်ရဘူး

ဒါဆို အဲဒါတွေကို ခင်ဗျားတို့ ဘယ်လိုရောင်းမလဲ။

အဲဒါက ဝန်ဆောင်မှုတွေ ရောင်းတဲ့အခါ ကြုံရတတ်တဲ့ ပြဿနာပါ။

.

အဲဒီပြဿနာအတွက် ကျွန်တော် ပထမဆုံးအကြိမ် သင်ယူခဲ့တာ ဝန်ဆောင်မှုတစ်ခုအတွက် ကြော်ငြာကို ကျွန်တော် ပထမဆုံးအကြိမ် ရေးသားပေးခဲ့ရစဉ်တုန်းက ဖြစ်ပါတယ်။

ကြော်ငြာရေးပေးရမှာက ပစ္စည်းတစ်ခုအတွက် မဟုတ်ဘူး။ ဒီတော့ ပုံဆွဲပြလို့ မရဘူး။ ဝန်ဆောင်မှု လုပ်ရပ်ကို ကျွန်တော် ပြသလို့ မရဘူး။ ဝန်ဆောင်မှုကို ဘာမှ မပြနိုင်ခဲ့ဘူး။

ဘာလို့လဲဆိုတော့ "ဝန်ဆောင်မှုများသည် မမြင်သာသောအရာ" ဖြစ်နေလို့ပါ။

ဝန်ဆောင်မှုတွေဟာ တစ်စုံတစ်ဦးမှ တစ်စုံတစ်ရာလုပ်ဆောင်ပေးမယ်လို့ ကတိပြုခြင်းမျှသာဖြစ်ပါတယ်။ 

အဲဒါကို ဘယ်လို ရောင်းရမလဲ။

ပန်းတိမ်မတတ်ခင် ရွှေခိုးသင် မဖြစ်ရလေအောင် ဝန်ဆောင်မှုစျေးကွက်တင်ခြင်း service marketing မှာ အဓိကကျတဲ့ ဝန်ဆောင်မှု အရည်အသွေး service quality ကို အရင်ဆုံး စတင် လေ့လာသင့်ပါတယ်။

 ဒီတော့မှာ ဘယ်အပိုင်းမှာ အားနည်းနေတယ်။ ဘာတွေကို တိုးတက်ကောင်းမွန်အောင် လုပ်သင့်သလဲ ဆိုတာ သဘောပေါက်မယ်။ အလုပ်ဖြစ်တဲ့ နည်းလမ်းလေးတွေ လေ့လာသင်ယူရမယ်။

 ပြီးရင်  ဝန်ဆောင်မှုစျေးကွက်ရှာဖွေရေး အခြေခံများကို ကိုင်တွယ်ရမယ်။ 

 ဘယ်လိုလုပ်ငန်းအမျိုးအစားထဲမှာ တကယ်ရောက်နေတာလဲ။ 

 ဘယ်လိုလူစားမျိုးတွေက တကယ် ဝယ်ကြတာလဲ။

 ရောင်းချတဲ့ ဝန်ဆောင်မှုကို အနေအထား ရယူခြင်း၊ ဝယ်ဖို့ အလားအလာ ရှိသူတွေကို သဘောပေါက်နားလည်ခြင်း၊ ဝယ်ယူပုံ အမူအကျင့်၊ ဆက်သွယ်အသိပေးကြပုံ စတာတွေကို ဖော်ထုတ်သတ်မှတ်ပေးရပါမယ်။ 

.

ဝန်ဆောင်မှုက မမြင်သာပေမဲ့ အရာရောက်တယ်။  Fortune 500 ကုမ္ပဏီ စာရင်းကို ကြည့်လိုက်ရင် ဝန်ဆောင်မှု လုပ်ငန်းတွေက အများစု ဖြစ်ပါတယ်။

ပစ္စည်းထုတ်တဲ့ ကုမ္ပဏီတွေထဲမှာလည်း ပစ္စည်းကို ရောင်းတာထက် ထုတ်ကုန်ပစ္စည်းများဖြင့် ဝန်ဆောင်မှု အေးအပ်တာကို ရောင်းချနေကြတာ ဖြစ်ပါတယ်။ 

စီးပွားရေးတွင် ဝန်ဆောင်မှုများရဲ့ အခန်းကဏ္ဍက ကျယ်ပြန့်ပါတယ်။

စက်မှုလုပ်ငန်းကြီး General Electric ရတဲ့ ဝင်ငွေရဲ့ ၄၀% ဝန်းကျင်ဟာ ဝန်ဆောင်မှု အမျိုးမျိုးထံမှ ဖြစ်ပါတယ်။ 

Nike ကို ရူးဖိနပ် ထုတ်လုပ်သူလို့ ယူဆရပါတယ်။ ၎င်းမှာ ရူးဖိနပ် စက်ရုံ မပိုင်ပါ။ ရူးဖိနပ်တွေကို ဒီဇိုင်းထုတ်တယ်။ ရူးဖိနပ်တွေ ဖြန့်ဖြူးတယ်။ ရူးဖိနပ်တွေ ဈေးကွက်တင်တယ်။

Nike ဟာ အဓိကအားဖြင့် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုသာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ဆောင်မှု ဈေးကွက်တင်တဲ့ ပုံစံဖြင့် မလုပ်ကိုင်ဘဲ ထုတ်ကုန် ဈေးကွက်တင်တဲ့ ပုံစံဖြင့် လုပ်ကိုင်ပါတယ်။ 

.

ဝန်ဆောင်မှုတွေဟာ ထုတ်ကုန်ပစ္စည်းများ မဟုတ်ကြပါ။ ဝန်ဆောင်မှု ဈေးကွက်တင်ခြင်းသည် ထုတ်ကုန်ဈေးကွက်တင်ခြင်း မဟုတ်ပါ။

ထုတ်ကုန်တစ်ခုဟာ မြင်သာထင်သာရှိပါတယ်။ မြင်နိုင်ရုံမက ထိနိုင်ကိုင်နိုင်တယ်။ 

ဝန်ဆောင်မှုဟာ မမြင်သာပါ။ ဝန်ဆောင်မှုကို ဝယ်လိုက်တဲ့အခါ ဝန်ဆောင်မှုကို ရလိုက်ပေမဲ့ ပါမလာပါ။ ဆက်လက် မတည်ရှိတော့ပါ။ 

အရိုးရှင်းဆုံး ဥပမာတစ်ခုက ဆံသဆိုင်မှာ ဆံပင်သွားညှပ်တယ်။ မဝယ်ခင်မှာ ဆံပင်ညှပ်တာကို ကိုင်ကြည့်လို့ မရဘူး။ ညှပ်ပါလို့ ပြောလိုက်တယ်။ ညှပ်ပေးလိုက်တယ်။ ဆံပင်ညှပ်တဲ့ ဝန်ဆောင်မှုကို ခင်ဗျား ရလိုက်တာ သေချာတယ်။ ဒါပေမဲ့ အဲဒီ"ဆံပင်ညှပ်" တာက ခင်ဗျားနဲ့ ပါမလာဘူး။ 

မှန်ထဲမှာ ညှပ်ပေးလိုက်တဲ့ ဆံပင်ကို ကြည့်လိုက်တယ်။ စိတ်တိုင်းကျတယ်။ ကျေနပ်တယ်။ ဒါပေမဲ့ မညှပ်ခင်မှာ  ဆံပင်ညှပ် ဝန်ဆောင်မှုပေးသူက အာမခံချက် မပေးဘူး။ ခင်ဗျားကလည်း အာမခံချက် မတောင်းဘူး။

ဝန်ဆောင်မှု အတော်များများမှာ အာမခံချက် မပေးကြဘူး။ မတောင်းကြဘူး။

ဝန်ဆောင်ရဲ့ ပင်ကိုသဘာဝမှာ မသေချာ မရေရာတွေ ရှိနေတယ်။ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှုအပေါ် မူတည်နေတယ်။ 

ဝန်ဆောင်မှုက လူအပေါ်မူတည်နေတယ်။ 

.

ထုတ်ကုန်တစ်ခု မကောင်းရင် ထုတ်လုပ်ပေးတဲ့သူက အပြစ်လွတ်နေတယ်။ ပစ္စည်းတစ်ခု ဝယ်သုံးလိုက်တာ ကြာကြာမခံဘဲ ပျက်သွားတယ်။ အဲဒီပစ္စည်း ဘယ်သူလုပ်တာလဲ သိဖို့နေနေသာသာ ပစ္စည်းထုတ်တဲ့စက်ရုံ ဘယ်နားရှိမှန်းတောင် မသိရဘူး။ ဝယ်သုံးမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရတော့မယ်။ ဒါမှမဟုတ်ရင် ပစ္စည်းရောင်းတဲ့သူကို အပြစ်တင်ရမယ်။ အဲဒီအခါမှာ ပစ္စည်းမကောင်းလို့ အပြစ်တင်တာ ဖြစ်ပေမဲ့ ပစ္စည်းရောင်းသူရဲ့ ဝန်ဆောင်မှုကို အပြစ်ပြောနေတာ ဖြစ်နေပါတယ်။

ပစ္စည်းမကောင်းရင် ပုဂ္ဂိုလ်ရေး မရှိပေမဲ့ ဝန်ဆောင်မှု မကောင်းရင် ပုဂ္ဂိုလ်ရေး ပါလာပါတယ်။

ပစ္စည်းရောင်းတဲ့သူက ပစ္စည်းတွေ ရောင်းနေတာလို့ပဲ ယူဆတယ်။ ဝန်ဆောင်မှု ရောင်းနေတာလို့ မယူဆရင် အပြစ်လာတင်တဲ့သူနဲ့ ကတောက်ကဆတွေ ပြောဆိုလိမ့်မယ်။  နောက်နောင်မှာ ကောင်းတဲ့ပစ္စည်းတွေကိုပဲ ရောင်းဖို့ သူကြိုးစားမယ်။ ဒါပေမဲ့  သူ့ခေါင်းထဲမှာ ဝန်ဆောင်မှုစျေးကွက်တင်ခြင်း service marketing  ရှိချင်မှ ရှိမယ်။

 

ဝန်ဆောင်မှု အရေးပါတာကို သိတဲ့သူကျတော့ သူက ဝယ်ယူကို ပစ္စည်းရောင်းရုံတင်သာမက ပစ္စည်းအကြောင်းကိုပါ ရှင်းပြမယ်။ ဘယ်လို သုံးရမယ်။ သုံးပုံသုံးနည်း ပြောပြမယ်။ ဘာတွေ ရှောင်ရမယ်။ ဘယ်နိုင်ငံက လုပ်တဲ့ ပစ္စည်းမို့လို့ အာမခံချက် ပေးလို့မရတဲ့အကြောင်းကိုပါ ပြောပြလိုက်မယ်။ ပစ္စည်းဝယ်တဲ့သူက ဝန်ဆောင်မှု အဆစ်ရတယ်။ ဝယ်ရတာ ပိုတန်သွားတယ်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)