Meta နှင့် Alphabet အမေရိကန် ကြော်ငြာစျေးကွက်အပေါ် လွှမ်းမိုးမှု ဆုံးရှုံး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Meta နှင့် Alphabet တို့သည် အမေရိကန် ဒစ်ဂျစ်တယ်ကြော်ငြာစျေးကွက်အပေါ် လွှမ်းမိုးမှုဆုံးရှုံးသွားကြသည်။
၎င်းလုပ်ငန်း ၂ ခုက နှစ်ရှည်လများ ချုပ်ကိုင်ထားသည့် ကန်ဒေါ်လာဘီလီယံ ၃၀၀ စျေးကွက်တွင် Amazon, TikTok, Microsoft, Apple တို့၏ ပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့် ဈေးကွက်ဝေစု ထိခိုက်နေသည်။
Facebook ၏ မိခင်လုပ်ငန်း Meta နှင့် Google ပိုင်ရှင် Alphabet တို့ နှစ်ခုပေါင်း အမေရိကန်ကြော်ငြာဈေးကွက် ဝင်ငွေ ဝေစုသည် ယခုနှစ်တွင် ၂.၅% ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ စုစုပေါင်း ၄၈.၄% သာ ရရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်း ၎င်းလုပ်ငန်းနှစ်ခု စုစုပေါင်း ဈေးကွက်ဝေစုသည် အများစု မဖြစ်တော့သည်ကို ယခုနှစ်တွင် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။
၎င်းလုပ်ငန်းနှစ်ခု နှစ်စဉ်ကြော်ငြာဝင်ငွေကျဆင်းနေခဲ့ရာ၌ ယခုနှစ်သည် ပဉ္စမမြောက်နှစ် ဖြစ်သည်။ ၂၀၁၇ တွင် အထွတ်အထိပ် ရောက်ရှိခဲ့ပြီး ဈေးကွက်ဝေစု ၅၄.၇% ရရှိခဲ့သည်။ ဆက်လက်ကျဆင်းနေဦးမည်ဟု ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ်တွင် ၄၃.၉% ရရှိမည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာတစ်လွှားတွင် Meta နှင့် Alphabet ၏ ဈေးကွက်ဝေစု စုစုပေါင်းသည် ယခုနှစ်တွင် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၄၉.၅ ရာခိုင်နှုန်း ရရှိသည်။
Amazon နှင့် Apple တို့သည် ၎င်းတို့၏ ကြော်ငြာအဖွဲ့များကို တိုးချဲ့ခဲ့သည်။
ဒစ်ဂျစ်တယ် ကြော်ငြာလောကသို့ Amazon ဝင်ရောက်လာခြင်းသည် Meta နှင့် Google ၏ လွှမ်းမိုးမှုကို တွန်းဖယ်ရန် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
Amazon သည် ကြော်ငြာဈေးကွက်ထဲ နှစ်အတန်ကြာ မြေစမ်းခရမ်းပျိုး လုပ်ကိုင်နေခဲ့ရာမှ ၂၀၁၅ တွင် အရှိန်စတင်ခဲ့သည်။ တစ်နှစ်တာ ကြော်ငြာဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံအောက်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၃၈ ဘီလီယံ ရမည်ဟု ခန့်မှန်းထားသည်။
Amazon သည် ၎င်း၏ စျေးရောင်းဈေးဝယ် ဝဘ်ဆိုက်အပြင် on-site ads လုပ်ငန်းကို တိုးချဲ့ခဲ့သည်။ ပစ္စည်းရောင်းချခြင်းအပြင် ပစ္စည်းကြော်ငြာခြင်းကိုပါ လုပ်ကိုင်သည်။
Meta အမှုဆောင်အရာရှိချုပ် Mark Zuckerberg သည် သုံးစွဲသူများကို ခြေရာခံရန်နှင့် ပစ်မှတ်ထားကြော်ငြာရန် ပိုမိုခက်ခဲစေသည့် Apple ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုဆိုင်ရာ ပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံမှ ByteDance ပိုင်ဆိုင်သည့် Viral ဗီဒီယိုအက်ပ် TikTok ၏ ရေပန်းစားမှု တိုးပွားလာနေခြင်းကြောင့် ကြော်ငြာဝင်ငွေ ကျဆင်းရသည်ဟု ပြောကြားသည်။
Google ၏ ကြော်ငြာအကြီးအကဲ Jerry Ditchler က "လွန်ခဲ့တဲ့ လေးနှစ်က ကြော်ငြာကဏ္ဍမှာ TikTok နဲ့ Amazon ကို စကားထဲ ထည့်မပြောကြဘူး။ အရေးမလုပ်ကြဘူး" ဟု ပြောကြားသည်။
Apple ၏ ကြော်ငြာဝင်ငွေသည် ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၂ ဘီလီယံအောက်မှာသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၇ ဘီလီယံကျော်အထိ တိုးလာခဲ့သည်။
၎င်းပမာဏသည် ကမ္ဘာ့စျေးကွက်၏ ၁.၂ ရာခိုင်နှုန်းမျှသာ ရှိသော်လည်း Snapchat နှင့် Pinterest စုစုပေါင်းထက် ပိုမိုများပြားနေပြီဖြစ်သည်။
အချို့သော ခန့်မှန်းချက်များအရ Apple သည် ၂၀၂၆ ခုနှစ်တွင် ကြော်ငြာဝင်ငွေ ကန်ဒေါ်လာ ၃၀ ဘီလီယံအထိ ရှိလာနိုင်သည်။
အမေရိကန်ကြော်ငြာဈေးကွက်တွင် ၂၀၂၃ ခုနှစ်တွင် Google သည် ကြီးထွားနှုန်း ၃% ရှိနိုင်ပြီး
Amazon သည် ၁၉% ၊ Apple သည် ၂၆% ၊ Spotify သည် ၃၀% ၊ TikTok သည် ၃၆% ၊ Walmart သည် ၄၂% ကြီးထွားနှုန်း ရရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
Source finicial time
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U