-->


အိန္ဒိယ ကိုလာဖျော်ရည်ဈေးကွက်တွင် Campa က Coke နှင့် Pepsi ကို စတင်ယှဉ်ပြိုင်

အိန္ဒိယ ကိုလာဖျော်ရည်ဈေးကွက်တွင် Campa က Coke နှင့် Pepsi ကို စတင်ယှဉ်ပြိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာရှ အချမ်းသာဆုံးပုဂ္ဂိုလ်က သမိုင်းဝင် အိန္ဒိယကိုလာအမှတ်တံဆိပ်ကို ပြန်လည်အသက်သွင်း လိုက်ပါသည်။

အိန္ဒိယဈေးကွက်ထဲ နေရာယူထားသည့် Pepsi နှင့် Coca-Cola တို့ကို ယှဉ်ပြိုင်နေပြီ ဖြစ်ပါသည်။

သမိုင်းဝင် အိန္ဒိယကိုလာအမှတ်တံဆိပ် Campa brand ကို လွမ်းဆွတ်ခြင်းနှင့် အမျိုးသားရေးတို့ဖြင့် လှုံ့ဆော်ပါသည်။

Campa-Cola ကို ထုတ်လုပ်ဖြန့်ဖြူးသည့် Reliance တွင် လက်လီကွန်ရက် ရှိထားသဖြင့် Campa လက်လီအရောင်း အခြေအနေ ကောင်းနိုင်သည်ဟု လေ့လာဆန်းစစ်သူတို့က သုံးသပ်ပါသည်။

.

အိန္ဒိယစက်မှု မဟာလုပ်ငန်းကြီး Reliance သည် ၎င်း၏ ကြီးမားသောလက်လီကွန်ရက်ကိုအသုံးပြုကာ စျေးနှုန်းများလျှော့ချပြီး အဓိကစျေးကွက်ထဲတွင် အမေရိကန်အဖျော်ယမကာကုမ္ပဏီကြီး PepsiCo နှင့် Coca-Cola တို့ကို ယှဉ်ပြိုင်ကာ သမိုင်းဝင်ပြည်တွင်းအမှတ်တံဆိပ်တစ်ခုဖြစ်သည့် Campa-Cola ကို ပြန်လည်အသက်သွင်းနေသည်။

 .

 ဘီလျံနာ Mukesh Ambani မှ ထိန်းချုပ်ထားသော Reliance သည် ယခု မတ်လတွင် ပြန်လည်အသက်သွင်းထားသော Campa အချိုရည်ကို အိန္ဒိယဈေးကွက်တွင် စတင်ရောင်းချသည်။

 သကြားပါသော ဆိုဒါဖျော်ရည် အမျိုးအစား ဖြစ်သည့် Campa အချိုရည်သည်  ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း အိန္ဒိယတွင် လူကြိုက်များသော အချိုရည်ဖြစ်ခဲ့သည်။

 အိန္ဒိယအစိုးရက စည်းမျဉ်းစည်ကမ်းများ ဖြေလျှော့လိုက်သောအခါ အမေရိကန်နိုင်ငံမှ ကိုလာဖျော်ရည်များ အိန္ဒိယဈေးကွက်ထဲ ပြန်ရောက်လာကြပြီး Campa အချိုရည် ဈေးကွက်ဝေစု ဆုံးရှုံးခဲ့ရာမှ ပျောက်ကွယ်သွားခဲ့သည်။

 .

ဘီလျံနာ Ambani သည် Pepsi နှင့် Coca-Cola ၏ ဈေးကွက်ကို အပိုင်ကိုင်ပြီး ချုပ်ကိုင်ထားခြင်းကို ဈေးကွက်ဝေစု ဖဲ့ယူဖို့ ခက်ခဲမည်ဟု ထင်မြင်ယူဆရသည်။

အိန္ဒိယ ကိုလာဈေးကွက်သည် တန်ဖိုး ကန်ဒေါ်လာ ၄.၆ ဘီလီယံ ရှိမည်ဟု Euromonitor က ခန့်မှန်းသည်။ ၂၀၂၇ အထိ နှစ်စဉ် ၅% ကြီးထွားမည်ဟုလည်း ခန့်မှန်းသည်။

အခြားသော နာမည်ကြီး သူဌေးကြီးများသည် အချိုရည် မဟာလုပ်ငန်းကြီးများ ဖြစ်ကြသည့် PepsiCo နှင့် Coca-Cola တို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး ယှဉ်ပြိုင်ခဲ့ကြရာ၌ အရေးနိမ့်ခဲ့ကြသည်။ သာဓက တစ်ခုမှာ သူဌေးကြီး Richard Branson က Virgin Cola ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ခွက်ခွက်လန် အရေးနိမ့်ခဲ့သည်။

.

သို့သော် အာရှအချမ်းသာဆုံး ပုဂ္ဂိုလ် Ambani သည် တယ်လီကွန်း လက်လီဈေးကွက်တွင် လွန်ခဲ့သည့် ၇ နှစ်က အနိုင်ရခဲ့ဖူးသည်။ ၎င်း၏ Reliance က ဈေးချပြီး အရှုံးခံကာ ဈေးကွက်ဝေစုကို သိမ်းပိုက်ခဲ့ရာ အိန္ဒိယတယ်လီကွန်း ဈေးကွက်တွင် မယှဉ်သာသည့် ဦးဆောင်သူ ဖြစ်လာခဲ့သည်။ 

ယခုလည်း အလားတူကစားကွက်ဖြင့် အချိုရည်ကို ယှဉ်ပြိုင်နေသည်။

.

သို့သော် အားနည်းချက်တစ်ခု ရှိနေသည်မှာ Campa ကို Reliance က ကိုယ်တိုင်ထုတ်လုပ်ခြင်း မရှိဘဲ အခြားကုန်ထုတ်လုပ်ငန်းကို အလုပ်အပ်နှံပြီး ထုတ်လုပ်နေခြင်း ဖြစ်သည်။

.

Reliance ၏ အစီအစဉ်သည် ၎င်း၏ ကိုယ်ပိုင် စက်ရုံများ သို့မဟုတ် ဖက်စပ်လုပ်ငန်းများအဖြစ်ဖြင့် Campa ကို ထုတ်လုပ်ရန် ရည်မှန်းထားသော်လည်း အကောင်အထည် မဖော်ရသေးပေ။ Reliance သည် Campa brand ကို သုံးစွဲခွင့်ရရန် ယမန်နှစ်က ကန်ဒေါ်လာ ၂.၇ သန်းဖြင့် ဝယ်ယူခဲ့သည်။ ထုတ်လုပ်သည့် စက်ရုံ ဝယ်ယူထားခြင်း မရှိသေးပေ။

ဈေးကွက် ဖြန့်ချိရာတွင် လမ်းဘေး လက်လီအရောင်းဆိုင်များအပြင် ဟိုတယ်များ၊ စားသောက်ဆိုင်များတွင်လည်း ရောင်းချမည်။ လေယာဉ်ခရီးစဉ်တွင် ခရီးသည်များကို အချိုရည် တိုက်ရန်အတွက်လည်း လေ‌ကြောင်းလိုင်းများထံ ရောင်းချမည်။

.

Reliance သည် ဈေးကွက်တွင် Campa Cola ကို ဖြန့်ဖြူးရာ၌ နှစ်လီတာ အချိုရည် ပလတ်စတစ်ဘူးများကို ဘူးခွံပေါ်တွင် ဖော်ပြထားသည့် ဈေးနှုန်းကို ၅၀% နီးပါး လျော့ပြီး တစ်ဘူးလျှင် ၄၉ ရူပီ ( ကန်ဒေါ်လာ ၀.၆၀) ဖြင့် ဖြန့်နေသည်။ 

Coke နှင့် Pepsi တို့၏ 2.25-litre ဘူးများ ရောင်းဈေးထက် သုံးပုံတစ်ပုံဝန်းကျင် ဈေးချိုသည်။

ပလပ်စတစ်ဘူး အငယ်ဆုံးဖြစ်သည့် 200 ml ပလတ်စတစ်ဘူးကို Campa Cola က တစ်ဘူး ၁၀ ရူပီဖြင့် ရောင်းသည်။ Coca-Cola က ၁၅ ရူပီဖြင့် ရောင်းချနေသည်ကို ၅ ရူပီဈေးချ လိုက်ပြီး Campa Cola နည်းတူ ၁၀ ရူပီဖြင့် ရောင်းသည်။

Pepsi က ၁၂ ရူပီဖြင့် ရောင်းသည်။

 

အိန္ဒိယနိုင်ငံ၏ ရေပန်းအစားဆုံးဖြစ်သည့် IPL  ခရစ်ကက်တံခွန်စိုက် အားကစားပွဲတွင် Reliance က Campa Cola ကို အကြီးအကျယ် ကြော်ငြာဖို့ စီစဉ်နေသည်။ အနည်းဆုံး အသင်း ၃ သင်းသည် ကွင်းထဲတွင် Campa Cola ကို အမောပြေ သောက်ပြကြမည်။

 

Reliance သည် အိန္ဒိယ၏ ထိပ်တန်းလက်လီ အရောင်းလုပ်ငန်းကြီး ဖြစ်သည်။ နိုင်ငံတဝှမ်း ကုန်စုံလက်လီဆိုင် ၂,၅၀၀ ကျော်ရှိသည်။ Reliance နှင့် အချိတ်အဆက်ရှိသည့် လက်လီဆိုင်များ ထောင်ချီရှိသည်။ ကုန်စုံ အွန်လိုင်းအရောင်းဆိုင် အက်ပ်လည်း Reliance မှာ ရှိသည်။ ထို့ပြင် လက်ကားအရောင်းဆိုင်များလည်း ရှိသည်။ ထိုဆိုင်များ အားလုံးတို့တွင် Campa Cola ကို ရောင်းချကြသည်။ 

 

လက်ရှိတွင် Pepsi နှင့် Coca-Cola တို့က အသာစီး ရထားသည်။ အိန္ဒိယ နေရာအနှံ့ ဆိုင်ပေါင်း အနည်းဆုံး ၃ သန်းတို့တွင် Pepsi နှင့် Coca-Cola ကို ဝယ်ယူရရှိနိုင်သည်။ ၎င်းတို့တွင် ကိုယ်ပိုင်စက်ရုံများလည်း ရှိသည်။ ၎င်းတို့၏ အချိုရည်ကို လူအများစုက စွဲလန်းနေကြသည်။ Campa ကို ပြောင်းလဲသောက်သုံးကြမည် မဟုတ်ဟု ယူဆရသည်။

 

Coca-Cola ၏ နောက်ထပ် အားသာချက်တစ်ခုမှာ Coca-Cola တွင် အိန္ဒိယပြည်တွင်း အချိုရည် brand ဖြစ်သည့် Thums Up ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

Coca-Cola သည် အိန္ဒိယတွင် အရောင်းရဆုံး ဖျော်ရည် brand များထဲတွင် ပါဝင်သည်။ ၁၉၉၃ ခုနှစ်တွင် Coca-Cola က Thums Up ကို ဝယ်ယူခဲ့သည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)